အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီး တိမ်းရှောင်နေသည့် ပြည်ပနိုင်ငံသားများ၊ မြန်မာနိုင်ငံသားများနှင့် တရားမဝင် ဝင်ရောက်နေထိုင်‌နေသည့် တရုတ်နိုင်ငံသား ၂၆ ဦးကို မူဆယ်မြို့၌ ဖမ်းဆီး

အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီး တိမ်းရှောင်နေသည့် ပြည်ပနိုင်ငံသားများ၊ မြန်မာနိုင်ငံသားများနှင့် တရားမဝင် ဝင်ရောက်နေထိုင်‌နေသည့် တရုတ်နိုင်ငံသား ၂၆ ဦးကို မူဆယ်မြို့၌ ဖမ်းဆီး
Published 30 April 2026

အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီး တိမ်းရှောင်နေသည့် ပြည်ပနိုင်ငံသားများ၊ မြန်မာနိုင်ငံသားများနှင့် တရားမဝင် ဝင်ရောက်နေထိုင်‌နေသည့် တရုတ်နိုင်ငံသား ၂၆ ဦးကို မူဆယ်မြို့၌ ဖမ်းဆီးရမိကြောင်း သိရသည်။

ဧပြီ ၂၉ ရက်တွင် အွန်လိုင်းလိမ်လည်လောင်း ကစားမှုလုပ်ငန်းများလုပ်ကိုင်ပြီး ထွက်ပြေးတိမ်းရှောင်နေကြသည့် တရုတ်နိုင်ငံသား ၂ ဦး နှင့် မြန်မာနိုင်ငံသား ၁၂ ဦး ကို လုပ်ငန်းလုပ်ကိုင်ရာတွင်အသုံးပြုသည့် ဆက်စပ် ပစ္စည်း များနှင့်အတူလည်းကောင်း၊ မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်နေထိုင်လျက် ရှိသည့် တရားမဝင် တရုတ်နိုင်ငံသား ၂၆ ဦးကိုလည်းကောင်း ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ ရပ်ကွက်များအတွင်းမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့အတွင်း၌ အွန်လိုင်းလိမ်လည်လောင်း ကစားမှုလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ ဧပြီ ၂၉ ရက် ညနေ ၄ နာရီ ၁၀ မိနစ်တွင် မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်၊ ဖွေဟုန်းနယ်မြေရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်း လိမ်လည်လောင်းကစားမှုလုပ်ငန်းများလုပ်ကိုင်ခဲ့ပြီး တိမ်းရှောင်ပုန်းခိုနေသည့် တရားမဝင် တရုတ်နိုင်ငံသား ၂ ဦးနှင့် မြန်မာနိုင်ငံသား ၁၂ ဦးတို့ကို အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် အသုံးပြုသည့် ပစ္စည်းများဖြစ်သော ဖုန်းမျိုးစုံ ၂၄ လုံး၊ All in One ကွန်ပျူ တာ ၁၉ လုံး၊ TP Link ၁ လုံး၊ Wifi စက် ၆ လုံးနှင့် အတူ တွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် မူဆယ်မြို့အတွင်း၌ တရားမဝင်ပြည်ပနိုင်ငံသားများ ရောက်ရှိနေကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့က ညနေ ၄ နာရီ ၃၀ မိနစ်ခန့် တွင် ဟိုမွန်ရပ်ကွက်ရှိနေအိမ်တစ်လုံးအား ထပ်မံစစ်ဆေးရာ အဆိုပါနေအိမ်အတွင်းမှ နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား ၂၆ ဦးကို ထပ်မံတွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ သိမ်းဆည်းရမိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ပြီး ဖမ်းဆီးရမိသူများကိုလည်း ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နောက်ကွယ်မှ ပါဝင်ပတ်သက်သူများကိုလည်းစိစစ်ဖော်ထုတ်ကာ တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေးဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent