“ဝ” နှင့် ကိုးကန့်ထိန်းချုပ်ထားသည့် ဒေသအချို့တွင် သတ်မှတ်ထားသည့် နယ်စပ်ခြံစည်းရိုးကို ကျော်ပြီး တရုတ်နိုင်ငံဘက်မှ ရှေ့တိုးကာ ခြံစည်းရိုးခတ်လာသည်ဟု ဒေသတွင်းမီဒီယာတစ်ခု ဖော်ပြ

“ဝ” နှင့် ကိုးကန့်ထိန်းချုပ်ထားသည့် ဒေသအချို့တွင် သတ်မှတ်ထားသည့် နယ်စပ်ခြံစည်းရိုးကို ကျော်ပြီး တရုတ်နိုင်ငံဘက်မှ ရှေ့တိုးကာ ခြံစည်းရိုးခတ်လာသည်ဟု ဒေသတွင်းမီဒီယာတစ်ခု ဖော်ပြ
Published 30 April 2026

“ဝ” နှင့် ကိုးကန့် ထိန်းချုပ်ထားသည့် ဒေသအချို့တွင် သတ်မှတ်ထားသည့် နယ်စပ်ခြံစည်းရိုးကို ကျော်ပြီး တရုတ်နိုင်ငံဘက်မှ ရှေ့တိုးကာ ခြံစည်းရိုးခတ်လာသည်ဟု ဒေသတွင်းမီဒီယာတစ်ခုဖြစ်သည့် Wa News Land က ဖော်ပြသည်။

Wa News Land ကဖော်ပြထားသည့် သတင်းတွင် သတင်းဓာတ်ပုံများကိုလည်း တွေ့ရပြီး ယင်းဓာတ်ပုံများတွင် တရုတ်နိုင်ငံဘက်မှ အဆောက်အအုံအချို့ကို ဆောက်လုပ်နေသည့်အခြေအနေများကို တွေ့ရသည်။

တရုတ်နိုင်ငံဘက်မှ ကျူးကျော်ကာ ခြံစည်းရိုးကို ရှေ့တိုးခတ်လာသည့်နေရာများမှာ ကိုးကန့်တပ်ထိန်းချုပ်ထားသည့် ချင်းရွှေဟော်၊ ကြူကုတ် (ပန်ဆိုင်း)၊ ရွှေလီနှင့် “ဝ” တပ် - UWSA ထိန်းချုပ်ထားတဲ့  နမ့်တစ် (မန်ခါး) ဂိတ်များတွင် တွေ့ရှိရသည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်။

ယင်းတို့အနက် ချင်းရွှေဟော်တွင် တရုတ်နိုင်ငံဘက်က ခြံစည်းရိုးအသစ်နှင့်အတူ နယ်စပ်ဂိတ်တစ်ခုကိုလည်း တိုးချဲ့ဆောင်ရွက်နေကြောင်း၊ ဘက်ဖိုးကားများ အဝင်အထွက်ပြုလုပ်နေပြီး ဆောက်လုပ်ရေးလုပ်ငန်းများပါ လုပ်ကိုင်နေကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး သတင်းတွင် ဖော်ပြထားသည်။

အလားတူ နမ့်တစ်(မန်ခါး) ဘက်တွင်လည်း ယခင်နေရာကို ကျော်လွန်ကာ ခြံစည်းရိုးအသစ်များ ဆောက်လုပ်ထားကြောင်း၊ ယခင်က ခြံစည်းရိုးမှာ ချောင်းတဖက်ခြမ်းတွင်ရှိသော်လည်း ယခုဆောက်လုပ်သည့် ခြံစည်းရိုးအသစ်ထဲတွင် ချောင်းမှာ တရုတ်ဘက်သို့ ပါသွားကြောင်း သတင်းတွင် ဆက်လက်ရေးသားထားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး “ဝ” နှင့် ကိုးကန့်တို့ နှစ်ဘက်စလုံးက သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။ 

ဓာတ်ပုံ - Wa News Land

Most Read

Most Recent