ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရင်း ထိခိုက်ကွယ်လွန်ခဲ့သူအတွက် လျော်ကြေးငွေများ ပေးအပ်ရန် သေဆုံးသူ၏ ဇနီးဖြစ်သူနှင့် အဆက်အသွယ်ရရှိကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အလုပ်သမားသံအရာရှိရုံးမှ သိရသည်။
ဧပြီ ၈ ရက်က ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရင်း ထိခိုက်ကွယ်လွန်ခဲ့သူအတွက် လျော်ကြေးငွေများ ပေးအပ်ရန် သေဆုံးသူ၏ ဇနီးဖြစ်သူကို ရှာဖွေနေသည်ဟု အလုပ်သမားသံရာရှိရုံးက ကြေညာခဲ့ပြီး ယခုအခါ သေဆုံးသူ၏ ဇနီးဖြစ်သူနှင့် အဆက်အသွယ်ရရှိခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ၌ ကွယ်လွန်သွားခဲ့သူ မြန်မာနိုင်ငံသား Mr. Tun Oo (နိုင်ငံကူးလက်မှတ်အမှတ် - MD980245) ၏ အမွေဆက်ခံသူအား ရှာဖွေခြင်းနှင့်ပတ်သက်သည့် ကြေညာချက်နှင့် စပ်လျဉ်း၍ ယခုအခါ ကွယ်လွန်သူ၏ ဇနီးဖြစ်သူ ဒေါ်ကြည်သန်းနှင့် မိသားစုဝင်များအား အဆက်အသွယ်ရရှိပြီဖြစ်ကြောင်း၊ ရထိုက်သည့် နစ်နာကြေးငွေများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး သတင်းအချက်အလက်များအား ဝိုင်းဝန်းကူညီဖြန့်ဝေပေးခဲ့ကြသော မိဘပြည်သူများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်သည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရင်း ကွယ်လွန်ခဲ့သူမှာ မြန်မာနိုင်ငံသား Mr. Tun Oo (နိုင်ငံကူးလက်မှတ်အမှတ် - MD980245) ဖြစ်ပြီး ၎င်းအတွက် ရထိုက်သည့် လျော်ကြေးငွေများကို ထုတ်ယူနိုင်ရန်အတွက် ၎င်း၏ အမွေဆက်ခံသူဖြစ်သူ ဇနီးဒေါ်ကြည်သန်း [မှတ်ပုံတင်အမှတ် - ၅/တဆန(နိုင်)၀၄၅၀၈၀] အား ရှာဖွေလျက်ရှိကြောင်း ဧပြီ ၈ ရက်က အလုပ်သမားသံရာရှိရုံးက ထုတ်ပြန်ခဲ့သည်။















