■ ခွင့်ပြန်အလုပ်သမားများ အလုပ်ရှင်၏ခွင့်စာနှင့်အတူ သက်ဆိုင်ရာ မြန်မာသံရုံး၏ထောက်ခံစာ ယူဆောင်ရမည်
ပြည်ပထွက်ခွာမည့် အလုပ်သမားအသစ်အချို့ ခွင့်စာအတုပြုလုပ်ပြီး တရားမဝင်ထွက်ခွာနိုင်ရန် ဆောင်ရွက်မှုများရှိနေဟု အလုပ်သမားညွန်ကြားရေးဦးစီးဌာနက ထုတ်ပြန်သည်။
အချို့အလုပ်သမားအသစ်များသည် ဝန်ကြီးဌာနမှ သတ်မှတ်ထားသော စနစ်တကျ စုဆောင်းခြင်း၊ ပြည်ပသို့မထွက်ခွာမီ သင်တန်းတက်ရောက်ခြင်းနှင့် ဆေးစစ်ခံခြင်း လုပ်ငန်းစဉ်များကို ကျော်လွှားနိုင်ရန်အတွက် “ခွင့်ပြန်အလုပ်သမား” အဖြစ် အသွင်ဆောင်ကာ ခွင့်စာအတုများပြုလုပ်၍ ခွင့်ပြန်အလုပ်သမားများအတွက် သတ်မှတ်ထားသောလမ်းကြောင်းကို အလွဲသုံးစားပြု၍ တရားမဝင်ထွက်ခွာရန် ကြိုးစားခြင်းများ တွေ့ရှိရသဖြင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် လုံခြုံစိတ်ချရသောရွှေ့ပြောင်းသွားလာမှု ဖြစ်ပေါ်စေရေးနှင့် လူကုန်ကူးခံရမှု အပါအဝင် မလိုလားအပ်သည့် အန္တရာယ်များ မဖြစ်ပွားစေရေး စနစ်တကျ စိစစ်ဆောင်ရွက်ပေးလျက်ရှိနေခြင်းဟု ဦးစီးဌာနက ဆိုသည်။
ခွင့်ဖြင့်ပြန်မည့် အလုပ်သမားများအနေဖြင့်လည်း မေ ၁ ရက်မှစပြီး မြန်မာနိုင်ငံသို့ မလာရောက်မီ အလုပ်ရှင်၏ ခွင့်စာ (Letter of Permission for Leave) ရယူရမည်ဖြစ်ကြောင်း၊ ယင်းနောက်သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်၍ ခွင့်စာပြသပြီး ထောက်ခံစာယူဆောင်ရန်၊ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများ ဖွင့်လှစ်ထားခြင်းမရှိသည့် နိုင်ငံများအနေဖြင့် အနီးဆုံးနိုင်ငံ သို့မဟုတ် အနီးဆုံးမြို့ရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်၍ ခွင့်စာပြသပြီး ထောက်ခံစာယူဆောင်ရန် လိုအပ်ကြောင်း သိရသည်။
ထို့ပြင် ခွင့်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ထွက်ခွာမည့် အလုပ်သမားများအနေဖြင့် Work Permit ၊ ဗီဇာနှင့် ခွင့်စာပါ လုပ်ငန်းခွင်နှင့် OWIC ကတ်တွင်ပါရှိသည့် လုပ်ငန်းခွင်မတူညီပါက မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်တွင် OWIC ကတ်အား အသစ်ပြန်လည်လျှောက်ထားရမည်ဖြစ် ကြောင်း သိရသည်။
ခွင့်စာအားလိမ်လည်တင်ပြလာပါက ကာလသတ်မှတ်ချက်တစ်ခုဖြင့် ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခြင်းနှင့် အမည်မည်းစာရင်း ရေးသွင်းသွားမည်ဖြစ်ကြောင်း အလုပ်သမားညွန်ကြားရေးဦးစီးဌာနက ထုတ်ပြန်သည်။
ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများအနေဖြင့် ခွင့်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ပြီး သက်ဆိုင်ရာနိုင်ငံများရှိ လုပ်ငန်းခွင်များသို့ ပြန်လည်ထွက်ခွာ ခွင့်ပြုပါရန် တရားဝင်ရုံးပိတ်ရက်မပါ ၅ ရက်ကြိုတင်၍ သတ်မှတ်ပုံစံ၊ စာရွက်စာတမ်းအထောက် အထားများနှင့်တကွ လျှောက်ထားလာမှုများအား စိစစ်ပြီး ပြည်ပထွက်ခွာခွင့်များအား Safe Migration Telegram Channel တွင် နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိနေသည်ဟု သိရသည်။















