ပို့ကုန်ရငွေများ ပြန်လည်ပေးသွင်းသဖြင့် ဦးတေဇ၏ ထူးကုမ္ပဏီအပါအဝင် ကုမ္ပဏီ ၁၇ ခုအား Black list စာရင်းမှ ပယ်ဖျက်လိုက်သည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်သည်။
ပြီးခဲ့သည့်လပိုင်းက၂ဝ၂ဝ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်များအတွင်း ပို့ကုန်တင်ပို့ခဲ့ပြီးနောက် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိသည့် ကုမ္ပဏီများအနက် အမေရိကန်ဒေါ်လာ ၅ သိန်းနှင့်အထက်ရှိသော စုစုပေါင်းကုမ္ပဏီ ၈၃ ခု၊ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီးနောက် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်း မရှိသည့် ကုမ္ပဏီ ၁၉၇ ခု၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်အထိ ကာလအတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိသည့် ကုမ္ပဏီ ၂၈၇ ခုတို့ကို အမည်ပျက်စာရင်း (Black Lists) ထည့်သွင်းခြင်းနှင့် မြန်မာပြည် ဝင်/ထွက်ခွင့် တားဆီးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ အမည်ပျက်စာရင်းထည့်သွင်းခြင်းနှင့် မြန်မာပြည် ဝင်/ထွက်ခွင့် တားဆီးခြင်းခံရသည့် ကုမ္ပဏီများအနက် ကုမ္ပဏီ ၂၉ ခုသည် ပို့ကုန်ရငွေများ အပြည့်အဝ ပြန်လည်ဝင်ရောက်ပြီး ဖြစ်သဖြင့် ယင်းကုမ္ပဏီနှင့် ဒါရိုက်တာအဖွဲ့ဝင်တို့အပေါ် အမည်ပျက်စာရင်း (Black Lists) ထည့်သွင်း ခြင်းနှင့် မြန်မာပြည်ဝင်/ထွက်ခွင့်တားဆီးခြင်းတို့မှ ပယ်ဖျက်ကြောင်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ကြေညာခဲ့ပြီးဖြစ်သည်ဟု ဗဟိုဘဏ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုအခါ ကုမ္ပဏီ ၁၇ ခုသည် ပို့ကုန်ရငွေများ အပြည့်အဝ ပြန်လည်ဝင်ရောက်ပြီးဖြစ်သဖြင့် ယင်းကုမ္ပဏီနှင့် ဒါရိုက်တာအဖွဲ့ဝင်တို့အပေါ် အမည်ပျက်စာရင်း (Black Lists) ထည့်သွင်းခြင်းနှင့် မြန်မာပြည်ဝင်/ ထွက်ခွင့်တားဆီးခြင်းတို့မှ ပယ်ဖျက်ကြောင်း ကြေညာလိုက်ခြင်းဖြစ်သည်ဟု ဗဟိုဘဏ်က ဆိုသည်။
အဆိုပါ ကုမ္ပဏီ ၁၇ ခုတွင် ဦးတေဇနှင့် ၎င်း၏သား ပြည့်ဖြိုးတေဇတို့က Board of Directors များအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် Htoo Trading Co., Ltd ပါဝင်ခဲ့ပြီး ကျန်ကုမ္ပဏီများမှာ Yang Brothers National Co.,Ltd ၊ Multi World Trade Co.,Ltd ၊ Myanmar Yulin Co.,Ltd ၊ N.Y.K Global Diamond Crown Co.,Ltd ၊ BAAB’s Myanmar Co.,Ltd ၊ Mogok Hair Co.,Ltd ၊ Biopro (Myanmar) Co.,Ltd ၊ Lucky Marine Products Co.,Ltd ၊ Min Gamani Co.,Ltd ၊ San Dara Aung Co.,Ltd ၊ RRR Non Woven Manufacture Co.,Ltd ၊ MMSM(Myawaddy) Co.,Ltd ၊ Zwe Tharaphu Co.,Ltd ၊ Hao Yuan Co.,Ltd ၊ Rax Myanmar Co.,Ltd တို့ဖြစ်သည်။















