လားရှိုးမြို့တွင် မော်တော်ယာဉ် ဝယ်ရောင်းတစ်ဦး အသတ်ခံရပြီး မော်တော်ယာဉ် လုယက်ခံရ

လားရှိုးမြို့တွင် မော်တော်ယာဉ် ဝယ်ရောင်းတစ်ဦး အသတ်ခံရပြီး မော်တော်ယာဉ် လုယက်ခံရ
■ပုံစာ- လုယက်ခံရသည့် မော်တော်ယာဉ်နှင့် သတ်ဖြတ်ခံရသည့် မော်တော်ယာဉ်ရောင်းဝယ်သူ၏ နာရေးကို တွေ့ရစဉ်
■ပုံစာ- လုယက်ခံရသည့် မော်တော်ယာဉ်နှင့် သတ်ဖြတ်ခံရသည့် မော်တော်ယာဉ်ရောင်းဝယ်သူ၏ နာရေးကို တွေ့ရစဉ်
Published 25 April 2026

လားရှိုးမြို့တွင် မော်တော်ယာဉ် ဝယ်ရောင်းတစ်ဦး အသတ်ခံရပြီး မော်တော်ယာဉ် လုယက်ခံရကြောင်း အသတ်ခံရသူ၏ ညီဖြစ်သူက လူမှုကွန်ရက်တွင် ရေးသားထားသည်။

ဧပြီ ၂၁ ရက်တွင် မော်တော်ဆိုင်ကယ်ဖြင့် လူနှစ်ဦးရောက်ရှိလာပြီး မော်တော်ယာဉ် အရောင်းအဝယ်ပြုလုပ်မည့်နေရာကို ညနေပိုင်းတွင် ချိန်းဆိုခဲ့ကြောင်း၊ ညနေ ၄ နာရီခွဲတွင် ချိန်းဆိုထားသည့်နေရာသို့ သွားရောက်ခဲ့ကာ ယာဉ်ကို စမ်းသပ်မောင်းနှင်မည်ဟုဆိုကာ သုံးဦးအတူ ထွက်သွားခဲ့ကြောင်း၊ ညနေ ၅ နာရီကျော်တွင် အစ်ကိုဖြစ်သူ၏ ရုပ်အလောင်း ကိုသာ ပြန်တွေ့ခဲ့ရကြောင်း၊ မိသားစုမှာ အစ်ကိုဖြစ်သူ၏ သတင်းကို ည ၇ နာရီကျော်မှ သာ သိရှိခဲ့ရသည်ဟု ညီဖြစ်သူက ရေးသားထားသည်။

" ညနေ ၄ နာရီခွဲလောက်မှာ ရောင်းမယ့်ကားရှိတဲ့နေရာ ဗျူဟာလမ်း / ဝရပ်ကွက် / ပန်ဝိုင်လမ်းထဲ ချိန်းဆိုတွေ့ကြပြီး ကားကိုတွေ့တွေ့ချင်းပဲ အဲ့နှစ်ယောက်က စမ်းမောင်း မယ်ဆိုပြီး သူတို့သုံးယောက် ကားပေါ်ကို တူတူတက်သွားကြပါတယ်လို့ ပြောပါတယ်။ သူတို့ထဲက တစ်ယောက်က မောင်းပြီးနောက် တစ်ယောက်က အနောက်မှာ ထိုင်ပါတယ်။ အကိုက driver ဘေးခုံမှာ ထိုင်ပြီးလိုက်သွားတယ်လို့ သိရပါတယ်။ အဲ့နေ့ ညနေ 5 နာရီ ဝန်းကျင်မှာတော့ လားရှိုးမြို့ရဲ့ နာမည်ကြီးဘုရားဖြစ်တဲ့ သာသနာ ၂၅၀၀ တောင်ခြေမှာ ကျွန်တော့်အကိုရဲ့ Dead Body ကို လုံးဝမမျှော်လင့်ပဲ တွေ့ခဲ့ရပါတယ်။ အရာအားလုံးက မိနစ် ၃၀ လောက်အတွင်း ဖြစ်သွားတယ်လို့ ပြောလို့ရပါတယ်။ ပန်ဝိုင်လမ်းကနေ ထွက်ပြီး သာသနာ ၂၅၀၀ ကုန်းမရောက်ခင်အတွင်း ကားပေါ်မှာပဲ အနောက်ကနေ အနီးကပ် ပစ်သတ်လိုက်တယ်လို့ ယူဆရပါတယ်။ လားရှိုးစခန်းမှူး ပြောပြချက်အရ Dead body ကို လူမှူကူညီရေးအသင်းတွေက ညနေ ၅ နာရီကျော်ကျော်ဝန်းကျင်မှာ ရင်ခွဲရုံကို သယ်လာတဲ့အချိန်အထိ နွေးနေတုန်းပဲလို့ ဆိုပါတယ်။ အပေါ်ကအဖြစ်အပျက်တွေ

တခုပြီးတခုဖြစ်နေတာကို ကျွန်တော်တို့မိသားစုက အဲ့အချိန်ထိ ဘာတခုမှ မသိသေးပါဘူး။ ညနေ ၇ နာရီ ထိုးခါနီးလောက်မှာမှ အကိုအိမ်ကို ပြန်မရောက်သေးလို့ သူ့ဖုန်းကို ဆက်ကြည့်လိုက်မှပဲ ဖုန်းက လားရှိုးရေကန်တောင်ရဲ့ အပေါ်ဖက် ဂျောင်တနေရာကို ရောက်နေတယ်ဆိုတဲ့အကြောင်း ဖုန်းကောက်ရထားပါတယ်ဆိုပြီး အန်တီတစ်ယောက်က ပြောပြမှပဲ အကိုဒီလိုတွေကြုံနေရမှန်း စသိခဲ့ရတာပါ။ အခြေအနေတွေက ပုံမှန်မဟုတ် တာကြောင့် ချက်ချင်းသူငယ်ချင်း တယောက်အကူအညီနဲ့ လားရှိုးရဲစခန်းကို အကြောင်းကြားပြီး မိသားစု / ဆွေမျိုး/ သူငယ်ချင်းတွေ လိုက်စုံစမ်းမှပဲ ည ၈ နာရီထိုးခါနီး အချိန်လောက်မှာမှ လားရှိုးနယ်ထိန်းကနေတဆင့် အကို့ရဲ့ Dead Body ပုံကို ကျတော်ပဲ ပထမဦးဆုံး မြင်ခဲ့ရတာပါ။ စိတ်ထိခိုက်လွန်းလို့ ပုံကိုချက်ချင်းပဲ ဖျက်ပစ်လိုက်ပါတယ်" ဟု ညီဖြစ်သူက ရေးသားထားသည်။

အမှုနှင့် သက်ဆိုင်ရာက စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်နေကာ လတ်တလောတွင် လုယက်ခံရသည့် မော်တော်ယာဉ်ကို ပြန်ရှာတွေ့ပြီဖြစ်ကြောင်း၊ သတ်ဖြတ်သွားသူ နှစ်ဦးကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု ညီဖြစ်သူက ဆက်လက်ရေးသားထားသည်။

" အကိုအခုလိုဖြစ်သွားတာဟာ ကျတော်တို့မိသားစုအတွက်တော့ ကမ္ဘာပျက်တာ ထက်ပိုပါတယ်။ တူမလေးအကြီးမက အသက် လေးနှစ်၊ တူမလေးအငယ်မက အခုမှ နှစ်နှစ်ပဲ ရှိပါသေးတယ်။ တူမလေးနှစ်ယောက်က အဖေ အဖေဆိုပြီး ရှာလိုက်တိုင်း ဖြေစရာစကားလုံး ရှာလို့မရပါဘူး။ ရင်ကိုမီးစနဲ့ ထိုးသလိုပါပဲ။ အရမ်းကိုကြေကွဲဝမ်းနည်း ရပါတယ်။ ရှားရှားပါးပါး မိသားစုဝင်တစ်ယောက်ကို ရုတ်တရက်ကြီးဆုံးရှုံးလိုက်ရတာ ကျတော်တို့အနေနဲ့ ဘယ်လိုမှကို မယုံကြည်နိုင်သေးသလို ဘယ်လိုမှလဲ ဖြေမဆည်နိုင် ပါဘူး။ ကမ္ဘာပျက်တာထက် ပိုပါတယ်။ လူမမယ်ခလေး နှစ်ယောက်ရဲ့မျက်နှာ၊ မိခင်အိုကြီးရဲ့အချိန်ပြည့်ပူဆွေးနေတဲ့ စိတ်ဒဏ်ရာ၊ ကြင်ယာဖက်ကို ရုတ်တရက် ဆုံးရှုံးလိုက်ရတဲ့ မရီးရဲ့ မျက်နှာတွေကို မြင်တိုင်း ဝမ်းနည်း ပူဆွေးမှု၊ နာကျင်ခံစားမှု ဒီလောက်ရိုးသားတဲ့အကို့ကိုမှ လုပ်ရက်လေခြင်းလို့ အရမ်းကို ယူကျုံးမရဖြစ်ရပါတယ်။ ဖြစ်ပြီးတာတွေပြီးသွားပြီမှန်းသိပေမယ့် ကျတော်တို့မိသားစုအတွက် တရားမျှတမှု အမှန်တရားကိုတော့ အရမ်းပဲမျှော်လင့်မိပါတယ်။ ကျတော့်အကိုကိုဒီလို အလွယ်တကူ သွေးအေးအေးနဲ့ သတ်ဖြတ်သွားတာ ဘယ်လိုလူတွေလဲဆိုတာကို ကျတော်ရော ကျတော့်မိသားစုရော အရမ်းကို သိချင်ပါတယ်" ဟု ညီဖြစ်သူက ဆက်လက် ရေးသားထားသည်။

အသတ်ခံရသည့် မော်တော်ယာဉ်ရောင်းဝယ်ရေးလုပ်ကိုင်သူမှာ ၃၉ နှစ်အရွွယ် ကိုဆန်းမောင် အမည်ရှိသူဖြစ်ပြီး မိခင်ဖြစ်သူ၊ ဇနီးနှင့် ကလေးငယ် သမီးနှစ်ဦး၊ ညီဖြစ်သူတို့ ကျန်ရစ်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent