ဘာစီလိုနာအသင်းရဲ့ စပိန်တောင်ပံကစားသမား ယမားလ်က ရာသီကုန်အထိ အနားယူရမယ့်အခြေအနေအတွက် နာကျင်ခံစားရကြောင်း လူမှုကွန်ရက်ကတစ်ဆင့် ပြောကြားခဲ့ပါတယ်။
ယမားလ်ဟာ ဆယ်လ်တာဗီဂိုအသင်းကို (၁-၀)ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ တစ်လုံးတည်းသောအနိုင်ဂိုးကို ပယ်နယ်တီကနေ ကန်သွင်းခဲ့ပြီးနောက် တံကောက်ကြောဒဏ်ရာရရှိခဲ့တာကြောင့် ဆက်မကစားနိုင်တော့ဘဲ လူစားလဲခံခဲ့ရပါတယ်။
အဲဒီဒဏ်ရာကို မနေ့က စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ရာသီလက်ကျန်ပွဲတွေကို လွဲချော်ရမှာဖြစ်ကြောင်း ဘာစီလိုနာအသင်းက အတည်ပြုကြေညာခဲ့ပါတယ်။
ဘာစီလိုနာအသင်းအနေနဲ့ လာလီဂါပြိုင်ပွဲတစ်ခုတည်းသာ ယှဉ်ပြိုင်ဖို့ကျန်ရှိတော့ပြီး ယမားလ်အနေနဲ့ လာလီဂါပွဲစဉ်(၆)ပွဲကို လွဲချော်ရမှာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းက လက်ရှိအချိန်မှာ ဒုတိယနေရာက ရီးယဲလ်မက်ဒရစ်အသင်းကို (၉)မှတ်ဖြတ်ထားတာကြောင့် လာလီဂါချန်ပီယံဆု ရရှိဖို့ နီးစပ်နေပြီဖြစ်ပေမဲ့ အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမား ယမားလ်ကို ဆုံးရှုံးထားရမယ့် အခြေအနေကြောင့် အားနည်းမှုတော့ ရှိလာနိုင်ပါတယ်။
ယမားလ်က ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် မကစားနိုင်တော့ပေမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအမီ ဒဏ်ရာသက်သာပျောက်ကင်းဖွယ်ရှိကြောင်း သိရပါတယ်။
ဘာစီလိုနာအသင်းက ယမားလ်ကို ခွဲစိတ်ကုသမှု မပြုလုပ်ဘဲ ရှေးရိုးနည်းလမ်းနဲ့သာ ကုသမှု ပြုလုပ်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။
''ဒီအရာက ကျွန်တော် ရှင်းပြနိုင်တာထက်ပိုပြီး နာကျင်ရပါတယ်။ အသင်းဖော်တွေနဲ့အတူ တိုက်ပွဲမဝင်နိုင်တာ၊ အသင်းဖော်တွေ လိုအပ်ချိန်မှာ အကူအညီမပေးနိုင်တာ နာကျင်ခံစားရပါတယ်။ ဒါပေမဲ့ ကျွန်တော် သူတို့ကို ယုံကြည်ပါတယ်။ ဒီဒဏ်ရာက အဆုံးသတ်မဟုတ်ပါဘူး။ ခဏရပ်နားရတာပါ။ ကျွန်တော် ပိုပြီးသန်မာစွာ၊ ပိုပြီးဆာလောင်စွာ ပြန်လာမှာပါ။ လာမယ့်ရာသီမှာ ပိုကောင်းလာမှာပါ။ မက်ဆေ့ချ်ပို့ခဲ့ကြသူအားလုံးနဲ့ ဘာစီလိုနာအသင်းကို ကျေးဇူးတင်ပါတယ်'' လို့ ယမားလ်က ပြောကြားခဲ့ပါတယ်။















