ကိုရင်လေးအား ပြင်းထန်စွာရိုက်နှက်ခဲ့သည့် သံဃာတစ်ပါးကို ဖမ်းဆီးအရေးယူလိုက်ပြီဖြစ်ကြောင်း သိရသည်။
ကိုရင်လေးအား ပြင်းထန်စွာရိုက်နှက်ခဲ့သူမှာ မြိတ်မြို့ ကျောက်ဖြူတောင် ပဋိပတ္တိတောရကျောင်းမှ ဦးတေဇဆိုသူ သံဃာဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါသံဃာကို လူဝတ်လဲ ဖမ်းဆီးရမိပြီဖြစ်ပြီး သံဃာ့နာယကဆရာတော်များက စစ်ဆေးနေပြီဖြစ်ကြောင်း ဖြစ်စဉ်ကို ကူညီစုံစမ်းခဲ့သည့် ဆရာတော် ဦးသုနန္ဒက လူမှုကွန်ရက်တွင် ရေးသားထားသည်။
“သာသနာရေးအလေးထားကာဆောင်ရွက်ပေးတဲ့ဆက်သွယ်ရေး တပ်မှူးကြီးများ မြိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် မြိတ်ခရိုင် သာသနာရေးမှူးတို့အားအထူးကျေးဇူးတင်ပါကြောင်း” ဆရာတော်က ရေးသားထားသည်။
သံဃာတပါးက ကိုရင်ငယ်တစ်ပါးကို ပြင်းထန်စွာ ရိုက်နှက်ထိုးကြိတ်နေသည့် ဗီဒီယိုဖိုင်မှာ ဧပြီ ၂၁ ရက် ညပိုင်းက လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လာခဲ့ပြီးနောက် ဝေဖန်မှုများ မြင့်တက်လာခဲ့သည်။
ယင်းနောက် ဗီဒီယိုဖိုင်တွင် ရိုက်နှက်ကျူးလွန်နေသည့် သံဃာကို အရေးယူပေးရန် တောင်းဆိုမှုများလည်း ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။















