ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ရောက်ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ ဧပြီ ၂၁ ရက်မှ ၂၂ ရက်အထိ ခရီးစဉ်လာရောက်သည့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက်ဖူဝန်ကေ့ကဲ့ဝို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၂၁ ရက်ညနေပိုင်းတွင် နေပြည်တော်သို့ အထူးလေယာဉ်ဖြင့် ရောက်ရှိခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြောင်း သိရသည်။
ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံစလုံးတွင် အစိုးရအဖွဲ့သစ်များ ဖွဲ့စည်းပြီးစီးချိန်ဖြစ်သဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်အတွက် ယခုခရီးစဉ်ကို စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးခရီးစဉ်မတိုင်မီ Thai PBS World သတင်းဌာနက သတင်းဖော်ပြခဲ့မှုအရသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် နေပြည်တော်၌ အစိုးရအဖွဲ့သစ်မှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားပြီး၊ ထိုဆွေးနွေးပွဲတွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များအပြင် ရွေးကောက်ပွဲအလွန် မြန်မာနိုင်ငံ၏ အခြေအနေများကိုပါ ဆွေးနွေးမည်ဖြစ်သည်ဟု Thai PBS World သတင်းဌာနက ဖော်ပြထားသည်။
ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက်ဖူဝန်ကေ့ကဲ့ဝို့သည် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအစိုးရသစ်လက်ထက်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများထဲမှ မြန်မာနိုင်ငံသို့ ပထမဆုံး ချစ်ကြည်ရေးခရီးလာရောက်လည်ပတ်သည့် အာဆီယံအဖွဲ့ဝင် ခေါင်းဆောင်တစ်ဦးဖြစ်သည်။
ထို့အတူ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့လာရောက်မည်ဖြစ်သည်။
Photo. Moi















