ယူရိုပါလိဂ်မှာ ဆုဖလားအများဆုံးနည်းပြအဖြစ် စံချိန်တင်ထားတဲ့ အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီဟာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ကို (၇)ကြိမ်မြောက် တက်ရောက်နိုင်ခဲ့ကြောင်း သိရပါတယ်။
အူနိုင်းအမ်မရီဟာ ယူရိုပါလိဂ်ဖလားကို ဆီဗီလာနဲ့ (၃)ကြိမ်၊ ဗီလာရီးယဲလ်နဲ့(၁)ကြိမ် ရယူထားနိုင်သူပါ။
အူနိုင်းအမ်မရီဟာ ဗလင်စီယာအသင်းကို ကိုင်တွယ်စဉ် ၂၀၁၁-၁၂ ရာသီတုန်းက ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ကို နည်းပြဘဝမှာ ပထမဆုံးအဖြစ် ရောက်ရှိခဲ့တာဖြစ်ပြီး အက်သလက်တီကိုကို နှစ်ကျော့စလုံး ရှုံးနိမ့်ခဲ့ရပါတယ်။
ဆီဗီလာကို ကိုင်တွယ်ချိန်မှာတော့၂၀၁၃-၁၄၊ ၂၀၁၄-၁၅ နဲ့ ၂၀၁၅-၁၆ (၃)ရာသီဆက်တိုက် ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့ရုံသာမက ချန်ပီယံဆုလည်း (၃)ရာသီဆက်တိုက် ရယူနိုင်ခဲ့ပါတယ်။
၂၀၁၈-၁၉ ရာသီမှာ အာဆင်နယ်နည်းပြအဖြစ် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ကို တစ်ကြိမ်ထပ်ရောက်ခဲ့ပြီး ဗိုလ်လုပွဲမှာ ချယ်လ်ဆီးကို ရှုံးနိမ့်ခဲ့တာကြောင့် ဆုဖလားနဲ့ လွဲခဲ့ရပါတယ်။
၂၀၂၀-၂၁ ရာသီမှာ ဗီလာရီးယဲလ်နည်းပြအဖြစ် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ကို တစ်ကြိမ်ထပ်ရောက်ရာမှာတော့ ဆုဖလားကို နောက်တစ်ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။
အခု အက်စတွန်ဗီလာအသင်းနဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ကို သတ္တမအကြိမ်မြောက် တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ဆုဖလားရယူနိုင်ဖို့လည်း ရေပန်းအစားဆုံးဖြစ်နေပါတယ်။















