လက်ဘနွန်နှင့် အစ္စရေးကြား ဆယ်ရက်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ဧပြီ ၁၇ ရက်တွင် စတင်အသက်ဝင်ခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်များကြား ပထမဆုံးအကြိမ်အဖြစ် မျက်နှာချင်းဆိုင်ဆွေးနွေးပွဲ ဖြစ်မြောက်အောင် ကြိုးပမ်းနေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။
အဆိုပါ အပစ်အခတ်ရပ်စဲရေးသည် လက်ဘနွန်နှင့် အစ္စရေး ဒေသစံတော်ချိန် ည ၁၂ နာရီ (ဂရင်းနစ်စံတော်ချိန် ၂၁:၀၀ နာရီ) တွင် စတင်မည်ဖြစ်ကြောင်း ထရန့်က ဆိုသည်။
အမေရိကန်အနေဖြင့် အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲကို အဆုံးသတ်ရန် ကြိုးပမ်းမှုများကို အရှိန်မြှင့်လုပ်ဆောင်နေချိန်တွင် လက်ဘနွန်နှင့် အစ္စရေးကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ပေါ်ပေါက်လာခြင်းဖြစ်သည်။
အီရန်ဘက်ကမူ မည်သည့်သဘောတူညီချက်တွင်မဆို လက်ဘနွန် အပစ်အခတ်ရပ်စဲရေး ပါဝင်ရမည်ဟု အခိုင်အမာ တောင်းဆိုထားသည်။
အပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်လာချိန်တွင် ဟစ်ဇ်ဘိုလာအဖွဲ့၏ အမာခံနယ်မြေဖြစ်သော ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးရပ်ကွက်များတွင် သေနတ်ပစ်ဖောက်သံများ ထွက်ပေါ်လာခဲ့သည်။
ယင်းသေနတ်သံများမှာ အောင်ပွဲခံသည့်အနေဖြင့် ပစ်ဖောက်ကြခြင်း ဖြစ်ပုံရသော်လည်း အတည်ပြုနိုင်ခြင်းတော့ မရှိသေးပေ။
အရှေ့အလယ်ပိုင်းစစ်ပွဲသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို စတင်တိုက်ခိုက်ရာမှ အစပြုခဲ့ခြင်းဖြစ်ပြီး မတ်လ ၂ ရက်တွင် ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ရာမှ လက်ဘနွန်နိုင်ငံပါ စစ်ပွဲအတွင်း ပါဝင်လာခဲ့ခြင်းဖြစ်သည်။
Ref: AFP















