■ လွှတ်တော်အစည်းအဝေးရပ်နားချိန်တွင် လွှတ်တော်ကိုယ်စားလှယ်များနေဖြင့် မိမိတို့ကိုယ်စားပြုသည့်မဲဆန္ဒနယ်များရှိ ပြည်သူများ၏ အရေးကိစ္စများကို ဥပဒေနှင့်အညီ အလေးထားကြိုးပမ်းဆောင်ရွက်ကြရန် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း

■ လွှတ်တော်အစည်းအဝေးရပ်နားချိန်တွင် လွှတ်တော်ကိုယ်စားလှယ်များနေဖြင့် မိမိတို့ကိုယ်စားပြုသည့်မဲဆန္ဒနယ်များရှိ ပြည်သူများ၏ အရေးကိစ္စများကို ဥပဒေနှင့်အညီ အလေးထားကြိုးပမ်းဆောင်ရွက်ကြရန် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း
Published 11 April 2026

ပြည်နယ်လွှတ်တော်အစည်းအဝေးရပ်နားချိန်တွင် လွှတ်တော်ကိုယ်စားလှယ်များနေဖြင့် မိမိတို့ကိုယ်စားပြုသည့်မဲဆန္ဒနယ်များရှိ ပြည်သူများ၏ အရေးကိစ္စများကို ဥပဒေနှင့်အညီ အလေးထားကြိုးပမ်းဆောင်ရွက်ကြရန် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးသက်ထွေးက တိုက်တွန်းပြောကြားသည်။

ဧပြီ ၁၀ ရက်က ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (အဋ္ဌမနေ့) တွင် လွှတ်တော်ဆောင်ရွက်ချက်များအား အနှစ်ချုပ်တင်ပြရာ၌ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ပြည်နယ်လွှတ်တော်အစည်းအဝေးရပ်နားနေချိန်တွင် လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ မိမိကိုယ်စားပြုတဲ့ မဲဆန္ဒနယ်မြေရှိ ပြည်သူများရဲ့အရေးကိစ္စကို ဥပဒေနှင့်အညီအလေးထားကြိုးပမ်းဆောင်ရွက်ကြပြီး၊ ပြည်သူများ၏ လိုလားချက်များကို ဖြည့်စည်းဆောင်ရွက်ပေးနိုင်သူများဖြစ်အောင် ကြိုးစားဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်” ဟု ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးသက်ထွေးက ပြောကြားသည်။

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ကျင်းပမည့်ရက်အား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထံ ကြိုတင်အသိပေးအကြောင်းကြားသွားမှာဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးများအား လာမည့်  ဇူလိုင်လမှသာ ပြန်လည်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ရုံးထံမှ သိရသည်။

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးများ၌ ပြည်နယ်လွှတ်တော် သဘာပတိအား ရွေးချယ်ခြင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့အား ရွေးကောက်တင်မြှောက်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကော်မတီ၊ ဥပဒေပြုရေးဆိုင်ရာကော်မတီ၊ တိုင်းရင်းသားလူမျိုးများဆိုင်ရာကော်မတီနှင့် ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီတို့အား ဖွဲ့စည်းခဲ့သည်။

ထို့အတူ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများအဖြစ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး၊ လူမှုရေးရာဝန်ကြီးဌာန ဝန်ကြီး၊ လျှပ်စစ်နှင့် စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး၊  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး၊  စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးများအား လွှတ်တော်၏ အဆုံးအဖြတ်ခံယူကာ အတည်ပြုခဲ့သည်။

အလားတူ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး သုံးဦး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီး သုံးဦးတို့ကိုလည်း  မွန်ပြည်နယ်လွှတ်တော်က အတည်ပြုခန့်အပ်ခဲ့ကြောင်း သိရသည်။

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်တွင် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ် ကိုးဦး၊ မွန်ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ် ခုနစ်ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊  ပြည်သူ့ပါတီနှင့် ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့မှ ကိုယ်စားလှယ်တစ်ဦးစီနှင့် တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ရှစ်ဦး စုစုပေါင်း ၃၁ ဦးရှိကြောင်းနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ပြည်ခိုင်ဖြိုးပါတီမှ မော်လမြိုင်မြို့နယ် ပြည်နယ်လွှတ်တော် အမှတ် (၂) ကိုယ်စားလှယ် ဦးသက်ထွေးနှင့် ပြည်လွှတ်တော်ဒုဥက္ကဋ္ဌအဖြစ် ပြည်ခိုင်ဖြိုးပါတီမှပင် ရေးမြို့နယ် ပြည်လွှတ်တော်အမှတ် (၂) ကိုယ်စားလှယ် ဦးမင်းမြင့်မောင်လေးတို့ဖြစ်ကြကြောင်း သိရသည်။

Most Read

Most Recent