ခရစ္စတယ်ပဲလေ့စ်နည်းပြ ဂလက်စ်နာက ဖီအိုရင်တီးနားနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ကွန်းဖရန့်လိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်မှာ အသင်းအနေနဲ့ ထူးခြားတဲ့ စွမ်းဆောင်ရည်နဲ့ ကစားနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ အဲဒီပွဲမှာ ခရစ္စတယ်ပဲလေ့စ်အသင်းက ဖီအိုရင်တီးနားကို အိမ်ကွင်းမှာ (၃-၀)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် နောက်တစ်ဆင့်တက်ရောက်ဖို့ အလားအလာတော်တော်ကောင်းသွားခဲ့ပါတယ်။
ဒါကြောင့် ဂလက်စ်နာက ထူးခြားတဲ့ ခံစားမှုကို ခံစားရတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
'' ဥရောပခရီးရှည်ကြီးမှာ ဒါက အားလုံးအတွက် ပျော်ရွှင်ဝမ်းမြောက်စရာပါပဲ။ ဘာကြောင့်လဲဆိုတော့ ဖီအိုရင်တီးနားက အင်အားကြီးမားတဲ့ အမည်နာမတစ်ခုဖြစ်သလို၊ အီတလီဘောလုံးကလည်း အင်အားကြီးမားတဲ့ အမည်နာမတစ်ခု ဖြစ်တာကြောင့်ပါ။ ဒါကြောင့် အားလုံးက အလွန်ခက်ခဲတဲ့ပွဲ ဖြစ်လာဖို့ မျှော်လင့်ထားခဲ့ကြပါတယ်။ ပွဲကစားချိန်မှာတော့ ထူးခြားတဲ့ အခြေအနေတစ်ခုဖြစ်အောင် ဖန်တီးနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဒါဟာ ကျွန်တော်တို့ အမြဲလိုအပ်နေတဲ့ အခြေအနေမျိုးလည်း ဖြစ်ပါတယ်။ ဒီနေ့ တစ်စုံတစ်ရာထူးခြားနေတဲ့ ခံစားမှုကို ကျွန်တော် ခံစားမိပါတယ်။ ထူးခြားတဲ့အခြေအနေဖြစ်ခဲ့ပြီး ထူးခြားတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တယ်လို့လည်း ကျွန်တော် ထင်ပါတယ်'' လို့ ဂလက်စ်နာက ပြောကြားခဲ့ပါတယ်။
ကွန်းဖရန့်လိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်တွေမှာ အိမ်ရှင်အသင်း(၄)သင်းစလုံး အနိုင်ရရှိခဲ့ပြီး ရှက်တာဒိုးနက်က အယ်လ်ခမာကို (၃-၀)ဂိုး၊ ဗယ်လက်ကာနိုက အေသင်ကို (၃-၀)ဂိုး၊ မိန့်ဇ်က စထရာဘိုးကို (၂-၀)ဂိုးနဲ့ အနိုင်ရခဲ့တာပါ။















