ဘိုင်ယန်မြူးနစ်အသင်းမှာ ခြေစွမ်းပြနေတဲ့ ကိုလံဘီယာလက်ရွေးစင် တောင်ပံကစားသမား လူးဝစ်ဒီယက်ဇ်က ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာဟာ မှန်ကန်တဲ့ရွေးချယ်မှုဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
လူးဝစ်ဒီယက်ဇ်ဟာ လီဗာပူးလ်အသင်းမှာ အမာခံကစားသမားအဖြစ် ခြေစွမ်းပြပြီး ဆုဖလားအောင်ပွဲတွေ ရယူနိုင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့နွေရာသီိမှာ ဘိုင်ယန်မြူးနစ်အသင်းကို ယူရို(၇၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့တာပါ။
ဒီရာသီမှာ လီဗာပူးလ်အသင်းက ရုန်းကန်နေရပြီး ဘိုင်ယန်မြူးနစ်အသင်းက ဖလားသုံးလုံးလမ်းကြောင်းပေါ်မှာ ရှိနေသလို၊ လူးဝစ်ဒီယက်ဇ်အနေနဲ့လည်း ဟာရီကိန်း၊ အိုလီဆေးတို့နဲ့တွဲဖက်ပြီး အကောင်းဆုံးခြေစွမ်းပြနေနိုင်တာကြောင့် လူးဝစ်ဒီယက်ဇ်က အခုလို ပြောကြားခဲ့ခြင်းလည်းဖြစ်ပါတယ်။
ရီးယဲလ်မက်ဒရစ်အသင်းကို အဝေးကွင်းမှာ အနိုင်ရရှိခဲ့ပြီးတဲ့နောက် လူးဝစ်ဒီယက်ဇ်က ''ဘိုင်ယန်နဲ့လက်တွဲဖို့ ဆုံးဖြတ်လိုက်တာက မှန်ကန်တဲ့ရွေးချယ်မှု ဖြစ်ခဲ့ပါတယ်။ ကျွန်တော် တကယ်ပျော်ရွှင်နေပြီး ပွဲတိုင်းမှာလည်း ပျော်ရွှင်ပါတယ်။ ခံစားမှုက တကယ်ကောင်းနေပြီး ပုံစံကောင်းလည်း ရနေတာကြောင့် အသင်းကို ကူညီဖို့ အသင့်ဖြစ်နေပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။
လူးဝစ်ဒီယက်ဇ်ဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပွဲ(၄၀)ကစားအပြီးမှာ (၂၃)ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု (၁၈)ကြိမ် ပြုလုပ်ထားပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်တက်ရောက်နိုင်ဖို့ အလားအလာကောင်းသွားသလို၊ ဘွန်ဒစ်လီဂါမှာ ဒုတိယနေရာက ဒေါ့မွန်ကို (၉)မှတ်ဖြတ်ထားပြီး ဂျာမန်ဖလားမှာလည်း ဆီမီးဖိုင်နယ်ရောက်ရှိနေပါတယ်။















