အကြီးစားဆုဖလားတွေ ရယူဖို့ မိမိတို့ အသင့်ဖြစ်နေပြီလို့ ဟာဗက်ဇ် ပြောကြား

အကြီးစားဆုဖလားတွေ ရယူဖို့ မိမိတို့ အသင့်ဖြစ်နေပြီလို့ ဟာဗက်ဇ် ပြောကြား
Photo: X
Photo: X
Published 8 April 2026

အာဆင်နယ်အသင်းရဲ့ တိုက်စစ်ကစားသမား ဟာဗက်ဇ်က မိမိတို့အနေနဲ့ အကြီးစားဆုဖလားတွေ ရယူဖို့ အသင့်ဖြစ်နေပြီလို့ စပို့တင်းလစ္စဘွန်းနဲ့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲမှာ အာဆင်နယ်အသင်းက စပို့တင်းလစ္စဘွန်းကို (၁-၀)ဂိုးနဲ့ အနိုင်ရခဲ့ပြီး တစ်လုံးတည်းသောအနိုင်ဂိုးကို ဂျာမန်တိုက်စစ်ကစားသမား ဟာဗက်ဇ်က ပွဲပြီးခါနီးမှာ သွင်းယူခဲ့တာပါ။

အာဆင်နယ်အသင်းအနေနဲ့ အဝေးကွင်းမှာ အဖိုးတန်နိုင်ပွဲ ရယူနိုင်ခဲ့တာဖြစ်ပြီး နောက်တစ်ဆင့်တက်ဖို့ အလားအလာပိုကောင်းသွားခဲ့တာကြောင့် ဟာဗက်ဇ်က အခုလို ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

''ဒါက ကျွန်တော်တို့အတွက် ကြီးမားတဲ့ အလှည့်အပြောင်းတစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နောက်ဆုံးနှစ်ပွဲမှာ ကျွန်တော်တို့ ရှုံးခဲ့လို့ပါ။ ဒါကြောင့် အလှည့်အပြောင်းတစ်ခုကို ကျွန်တော်တို့ အလိုရှိခဲ့ပြီး အဲဒီလိုဖြစ်အောင် ကျွန်တော်တို့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က စည်းလုံးညီညွတ်တဲ့ အစုအဖွဲ့တစ်ခုပါ။ ဒီရာသီမှာ မျှော်လင့်စရာတွေ အများကြီးရှိနေပါတယ်။ ကျွန်တော်တို့အကြီးစားဆုဖလားတွေ ရယူနိုင်စွမ်းရှိပြီး အဲဒီအတွက် (၇)ပတ်တာကာလကို ဖြတ်သန်းသွားမှာပါ'' လို့ ဟာဗက်ဇ်က ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ စပို့တင်းလစ္စဘွန်းကို အနိုင်ရခဲ့တာကြောင့် ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရှုံံးပွဲမရှိသေးတဲ့ တစ်သင်းတည်းသောအသင်းအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့ကြောင်းလည်း သိရပါတယ်။

စပို့တင်းလစ္စဘွန်းနဲ့ပွဲမှာ အကောင်းဆုံးကစားသမားဆု ရရှိခဲ့တာကတော့ လက်စွမ်းပြကာကွယ်မှုတွေ ပြုလုပ်ခဲ့တဲ့ ဂိုးသမား ဒေးဗစ်ရာယာဖြစ်ပြီး ဟာဗက်ဇ်က ဒေးဗစ်ရာယာဟာ နောက်ဆုံး(၂)ရာသီအတွင်း ကမ္ဘာ့အကောင်းဆုံးဂိုးသမားဖြစ်တယ်လို့လည်း ချီးကျူးပြောကြားခဲ့ပါတယ်။

Most Read

Most Recent