အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂရာဗီနာနဲ့ အားကစားဒါရိုက်တာ ဘူဖွန်တို့ ရာထူးက နုတ်ထွက်

အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂရာဗီနာနဲ့ အားကစားဒါရိုက်တာ ဘူဖွန်တို့ ရာထူးက နုတ်ထွက်
Photo: X
Photo: X
Published 3 April 2026

အီတလီလက်ရွေးစင်အသင်း ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်မြင်ဘဲ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ (၃)ကြိမ်ဆက် လွဲချော်ခဲ့ရတာကြောင့် အီတလီဘောလုံးအဖွဲ့ချုပ်(FIGC) ဥက္ကဋ္ဌ ဂရာဗီနာနဲ့ အားကစားဒါရိုက်တာ ဘူဖွန်တို့ ရာထူးက နုတ်ထွက်ခဲ့ကြောင်း သိရပါတယ်။

အီတလီအသင်းဟာ ကမ္ဘာ့ဖလားချန်ပီယံဆုကို (၄)ကြိမ်ရရှိထားတဲ့အသင်းဖြစ်ပေမဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်က လှည့်ပြန်ခဲ့ရပြီးနောက် ၂၀၁၈ ကမ္ဘာ့ဖလား၊ ၂၀၂၂ ကမ္ဘာ့ဖလားနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားတွေမှာ ခြေစစ်ပွဲ မအောင်မြင်ခဲ့ပါဘူး။

ဒါကြောင့် FIGC ဥက္ကဋ္ဌ ဂရာဗီနာကို ရာထူးက နုတ်ထွက်ပေးဖို့ ဖိအားပေးတောင်းဆိုမှုတွေ ရှိလာခဲ့ပြီး အီတလီအားကစားဝန်ကြီး အဘိုဒီက ဥက္ကဋ္ဌသစ်နဲ့အတူ ပြုပြင်ပြောင်းလဲမှုတွေ စတင်လုပ်ဆောင်ဖို့ လိုအပ်နေပြီလို့ ပြောကြားခဲ့ပါတယ်။

ဒါကြောင့် ၂၀၁၈ အောက်တိုဘာကတည်းက FIGC ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဂရာဗီနာက ရာထူးက နုတ်ထွက်ခဲ့ခြင်းဖြစ်သလို၊ ဘူဖွန်ကလည်း ရာထူးက နုတ်ထွက်ခဲ့တာပါ။

အီတလီအသင်း ၂၀၀၆ ကမ္ဘာ့ဖလားချန်ပီယံဆု ရရှိခဲ့ရာမှာ ရွှေလက်အိတ်ဆု ရယူပြီး လက်စွမ်းပြခဲ့တဲ့ ဘူဖွန်က ''ကျွန်တော်တို့ရဲ့ အဓိကရည်မှန်းချက်က အီတလီအသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲဆီ ပို့ဆောင်ဖို့ဖြစ်ပြီး ကျွန်တော်တို့ မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ရာထူးက နုတ်ထွက်ပေးတာ မျှတပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။

အီတလီလက်ရွေးစင်အသင်းနည်းပြ ဂတ်တူဆိုအနေနဲ့လည်း ရာထူးကို စွန့်လွှတ်ရဖွယ်ရှိနေပြီး ကွန်တီ ဒါမှမဟုတ် အယ်လီဂရီတို့နဲ့ အစားထိုးဖွယ်ရှိကြောင်း သတင်းထွက်နေပါတယ်။

အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရွေးကောက်ပွဲကို ဇွန်(၂၂)မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

Most Read

Most Recent