Taxi ယာဉ်များ၊ သုံးဘီးယာဉ်များနှင့် ကုန်တင်ယာဉ်များကို မောင်းနှင်ခဲ့သည့် ခရီးအကွာအဝေးပေါ်တွင်သာ မူတည်ပြီး ဧပြီ ၃ ရက်မှစ၍ ဆီရောင်းချပေးမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
ယာဉ်တစ်စီးချင်းစီအတွက် စက်စွမ်းအားပေါ်မူတည်၍ စက်သုံးဆီပမာဏ သတ်မှတ်၍ ရောင်းချပေးရာတွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍနှင့် ကုန်စည်ပို့ဆောင်ရေးကဏ္ဍ တို့တွင် အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ Taxi ယာဉ်များ၊ သုံးဘီးယာဉ်များ၊ ကုန်တင်ယာဉ် များကို ပမာဏတိုးမြှင့် သတ်မှတ်ပေးထားပြီး တစ်ပတ်လျှင် ၃ ရက် ဆီဖြည့်တင်းနိုင်ရန် ခွင့်ပြုပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယင်းအပေါ်တွင် အခွင့်ကောင်းယူ၍ မသမာမှုများ ပြုလုပ်နေသည့်အတွက် ပြည်သူများ ထိခိုက်နစ်နာစေမှု၊ စိတ်အနှောက်အယှက်ဖြစ်စေမှုများ ဖြစ်ပေါ်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အဆိုပါယာဉ်များကို မောင်းနှင်ခဲ့သည့် ခရီးအကွာအဝေးပေါ်တွင်သာ မူတည်၍ ဆီရောင်းချ ပေးသည့်စနစ်ကို ဧပြီ ၃ ရက်မှစတင်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်တွင် စက်သုံးဆီကို စနစ်တကျသုံးစွဲနိုင်စေရန်နှင့် လေလွင့်ဆုံးရှုံးမှု လျော့နည်းစေရန် ရည်ရွယ်၍ ဒီဂျစ်တယ်နည်းပညာအခြေပြု ဖြန့်ဖြူးရောင်းချသည့်စနစ်ကို မတ် ၁၂ ရက်တွင်စတင်၍ ဆောင်ရွက်ခဲ့ပြီး မတ် ၂၇ ရက်တွင် ယာဉ်တစ်စီးချင်းစီအတွက် စက်သုံးဆီ ပမာဏကို သတ်မှတ်၍ ရောင်းချပေးသည့်စနစ်သို့ အဆင့်မြှင့်တင်နိုင်ခဲ့ကြောင်း၊ တည်ဆောက်ထားသည့် စနစ်အား လက်တွေ့အသုံးပြုရာတွင် တွေ့ကြုံရသည့် နည်းပညာ ဆိုင်ရာ အခက်အခဲများကို ဖြေရှင်းနိုင်ရန်နှင့် မသမာမှုများကို ဟန့်တားနိုင်ရန်အတွက် Online မှ စောင့်ကြည့်သတိပေးခြင်း၊ ထိန်းချုပ်ခြင်း၊ ပြည်သူတို့၏ တုန့်ပြန်မှုများကို နားထောင်၍ နည်းပညာ အား အဆင့်မြှင့်တင်ခြင်း၊ နိုင်ငံတစ်ဝှမ်းလုံးတွင် အသုံးပြုနိုင်ရန် စီမံဆောင်ရွက်ခြင်းတို့ကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
တစ်နိုင်ငံလုံးတွင် ဖွင့်လှစ်ရောင်းချနေသော စက်သုံးဆီဆိုင်ပေါင်း ၂၉၄၃ ဆိုင်ရှိသည့်အနက် ဆိုင်ပေါင်း ၈၇၉ ဆိုင်တွင် Bar Code/ QR Code များကို Scan ဖတ်၍ ရောင်းချပေးသည့်စနစ်ဖြင့် ဆောင်ရွက်နိုင်ပြီဖြစ်ပါသည်။ ယခုသီတင်းပတ်မှစ၍ ပုသိမ်မြို့နှင့် ရန်ကုန်-ပြည်-မကွေးလမ်းမ တစ်လျှောက်ရှိ မြို့များတွင် စတင်အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း၊ လူတစ်ဦးချင်းစီ၏ အားနည်းချက်များ၊ မသမာမှုများကို နည်းပညာဖြင့် ထိန်းကျောင်း ဆောင်ရွက်နေခြင်းဖြစ်ရာ ပြည်သူများအနေဖြင့် အကြံဉာဏ်များပေးခြင်း၊ သတင်းပေးတိုင်ကြား ခြင်းတို့ဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံအပ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။














