ဓာတ်အားလိုင်း ယာယီအပြစ်ဖြစ်နေသဖြင့် အလှည့်ကျမီးရရှိနေသည့် နေရာအချို့ လျှပ်စစ်မီးပြတ်တောက်လျက်ရှိကြောင်း သိရသည်။
ဧပြီ ၁ ရက် နေ့လည် ၂ နာရီ ၄၅ မိနစ်ခန့်တွင် ဓာတ်အားစနစ်အတွင်း ယာယီအပြစ်ဖြစ်ပွားခဲ့ပါသဖြင့် ဓာတ်အားပြန်လည်ရရှိရေး အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေးထုတ်ပြန်ထားသည်။
ယင်းကြောင့် အလှည့်ကျစနစ်ဖြင့် ရရှိနေသည့် မြို့နယ်အချို့တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်လျက်ရှိသည်ဟု သိရသည်။
“မီးလာတဲ့အချိန် System breakdown ဆိုတော့ မီးပြန်ရမယ့်အချိန် ပိုကြာသွားတယ်။ ရေတင်ဖို့လည်း ခက်သွားတယ်” ဟု မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
ပြီးခဲ့သည့် မတ် ၂၇ ရက် နံနက် ၁၁နာရီ ၄၁ မိနစ်တွင် ၂၃၀ ကေဗွီ ရွှေတောင်-မင်းလှ-မြောင်းတကာ ဓာတ်အားလိုင်းမှာ မင်းလှမြို့အနီး၌ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တာဝါတိုင် နှစ်တိုင်ပြိုလဲခဲ့ပြီး တာဝါတိုင် နှစ်တိုင်မှာ တိမ်းစောင်းသွားခဲ့ခြင်းကြောင့် ၎င်းဓာတ်အားလိုင်းမှ ပို့လွှတ်လျက်ရှိသော လျှပ်စစ်ဓာတ်အား ၄၀၀ မဂ္ဂါဝပ်ခန့်မှာ ထုတ်လုပ်နိုင်မှုလျော့နည်းလျက်ရှိကြောင်း သိရသည်။
အဆိုပါ တာဝါတိုင်များပြိုလဲပျက်စီးပြီးနောက် ရန်ကုန်မြို့တွင် လျှပ်စစ်မီးရရှိမှုမှာ လျော့နည်းခဲ့ပြီး မီးပြတ်တောက်မှုများ ပိုများလာကြောင်း သိရသည်။
အဆိုပါ ၃၀ ကေဗွီ ရွှေတောင် - မြောင်းတကာ အမှတ်(၁+၂) ဓာတ်အားလိုင်း ပြုပြင်ခြင်းလုပ်ငန်းများအား စုစုပေါင်း (၁၃၅) ဦးပါဝင်သော ပြန်လည်ပြုပြင်ရေးအဖွဲ့များမှ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၏ လုံခြုံရေးစီစဉ်ဆောင်ရွက်မှုဖြင့် မတ် ၃၁ ရက်တွင် တာဝါတိုင်အမှတ်(၃၀၉) တိုင်ယိုင်/စောင်းနေမှုအားပြုပြင်ခြင်းလုပ်ငန်း ၇၀ ရာခိုင်နှုန်း အားလည်းကောင်း၊ တာဝါတိုင်အမှတ် (၃၁၀) တိုင်ဆင်ခြင်းလုပ်ငန်း ၉၀ ရာခိုင်နှုန်းအားလည်းကောင်း ၊ တာဝါတိုင်အမှတ် (၃၁၁)၏ ဖောင်ဒေးရှင်းလုပ်ငန်းများနှင့် Stub Setting လုပ်ငန်းများ ဆောင်ရွက်ခြင်း ၉၀ ရာခိုင်နှုန်းအားလည်းကောင်း ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများမှာ စုစုပေါင်းပြီးစီးမှု ၆၅ ရာခိုင်နှုန်းရှိကြောင်းနှင့် လျှပ်စစ်ဓာတ်အားအမြန်ရရှိရန် လျှပ်စစ်ဝန်ထမ်းများမှ အချိန်နှင့်တပြေးညီ ဆောင်ရွက်လျှက်ရှိပါကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ထုတ်ပြန်ထားသည်။
မတ် ၁၈ ရက်မှ စတင်ကာ ဓာတ်အားထုတ် လုပ်နိုင်မှုနှင့်ချိန်ညှိကာ အချို့နေရာ၊ အချိန်များတွင် ဝန်အားမျှတခွဲဝေဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနထံမှ သိရသည်။
နွေရာသီဖြစ်သည့် မတ်လမှ ဇွန်လအထိ စဉ်ဆက်မပြတ်မျှတစွာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်နှင့် လက်ရှိအချိန်တွင် ရာသီဥတုပူပြင်းမှုကြောင့် ဝန်အားသုံးစွဲမှုမြင့်တက်လာခြင်းကို ထိန်းသိမ်းနိုင်ရန်အတွက်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။















