စပါးအသင်းရဲ့ ရည်မှန်းချက်ကို ယုံကြည်တာကြောင့် နှစ်ရှည်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း နည်းပြသစ် ဒီဇာဘီ ပြောကြား

စပါးအသင်းရဲ့ ရည်မှန်းချက်ကို ယုံကြည်တာကြောင့် နှစ်ရှည်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း နည်းပြသစ် ဒီဇာဘီ ပြောကြား
Photo: X
Photo: X
Published 1 April 2026

စပါးအသင်းရဲ့ နည်းပြသစ်အဖြစ် (၅)နှစ်စာချုပ်နဲ့ ခန့်အပ်ခြင်းခံခဲ့ရတဲ့ အီတလီနည်းပြ ရောဘတ်တိုဒီဇာဘီက အသင်းရဲ့ရည်မှန်းချက်ကို ယုံကြည်တာကြောင့် နှစ်ရှည်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

စပါးအသင်းက ဒီဇာဘီကို မတ်လ(၃၁)ရက်နေ့က နည်းပြသစ်အဖြစ် ၂၀၃၁ ခုနှစ်အထိ သက်တမ်းရှိတဲ့စာချုပ်နဲ့ ခန့်အပ်ခဲ့တာပါ။

စပါးအသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ နည်းပြ ပိုစတီကိုဂလူးကို ရာထူးက ထုတ်ပယ်ပြီး သောမတ်စ်ဖရန့်ခ်ကို ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုကာ ခန့်အပ်ခဲ့ပေမဲ့ ရလဒ်တွေ ဆိုးရွားခဲ့တာကြောင့် ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ လမ်းခွဲပြီး တူဒေါကို ရာသီကုန်အထိ ခန့်အပ်ခဲ့ပါတယ်။

ဒါပေမဲ့ တူဒေါလက်ထက်မှာ ရလဒ်တွေ ပိုမိုဆိုးရွားခဲ့တာကြောင့် အသင်းလက်မဲ့ဖြစ်နေတဲ့ ဒီဇာဘီကို ထပ်မံအစားထိုးခဲ့တာပါ။

စပါးအသင်းရဲ့ အားကစားဒါရိုက်တာ ဂျိုဟန်လန့်ချ်က ဒီဇာဘီဟာ လာမယ့်နွေရာသီမှာ နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ရည်ရွယ်ထားတဲ့ နံပါတ်(၁)ပစ်မှတ်ဖြစ်ပြီး အခြေအနေအရ လက်ရှိအချိန်မှာပဲ ခန့်အပ်ခဲ့ရတာဖြစ်ကြောင်းနဲ့ အလွန်ကျေနပ်ဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒီဇာဘီကတော့ ''ကမ္ဘာပေါ်မှာ အင်အားအကြီးမားဆုံးနဲ့ ဂုဏ်သတင်းအကြီးမားဆုံးအသင်းတွေထဲက တစ်သင်းနဲ့ လက်တွဲခွင့်ရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။ အသင်းရဲ့ ဦးဆောင်သူတွေနဲ့ ဆွေးနွေးတဲ့အခါ သူတို့ရဲ့ ရည်မှန်းချက်က ရှင်းရှင်းလင်းလင်းရှိပါတယ်။ ကြီးမားတဲ့ အောင်မြင်မှုတွေရရှိဖို့ တည်ဆောက်သွားမှာဖြစ်ပြီး ပရိသတ်တွေကို ဆွဲဆောင်နိုင်မယ့် စိတ်လှုပ်ရှားစရာ ကစားဟန်ကို ပုံဖော်သွားဖို့ပါ။ အဲဒီရည်မှန်းချက်ကို ယုံကြည်တာကြောင့် ကျွန်တော် ဒီကို ရောက်နေတာဖြစ်ပြီး ဒါကို အကောင်အထည်ဖော်ဖို့ နှစ်ရှည်စာချုပ် ချုပ်ဆိုခဲ့တာပါ။ ကျွန်တော်တို့ရဲ့ ရေတိုဦးစားပေးကတော့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့်တက်လာဖို့ဖြစ်ပြီး နောက်ဆုံးပွဲစဉ်၊ နောက်ဆုံးခရာမှုတ်တဲ့အထိ အာရုံစိုက်ယှဉ်ပြိုင်သွားမှာပါ'' လို့ ပြောကြားခဲ့ပါတယ်။

Most Read

Most Recent