အီတလီအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ (၃)ကြိမ်ဆက်လွဲချော်ခဲ့ပြီး အနာဂတ်အကြောင်း ပြောရမယ့်အချိန် မဟုတ်ဘူးလို့ ဂတ်တူဆို ပြောကြား

အီတလီအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ (၃)ကြိမ်ဆက်လွဲချော်ခဲ့ပြီး အနာဂတ်အကြောင်း ပြောရမယ့်အချိန် မဟုတ်ဘူးလို့ ဂတ်တူဆို ပြောကြား
Photo: X
Photo: X
Published 1 April 2026

အီတလီလက်ရွေးစင်အသင်းဟာ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ Play-offs အဆင့်ဗိုလ်လုပွဲမှာ ဘော့စနီးယားအသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့တာကြောင့် နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲ (၃)ကြိမ်ဆက် ခြေစစ်ပွဲမအောင်ဘဲ ဖြစ်ခဲ့ရပါတယ်။

အီတလီနဲ့ ဘော့စနီးယားတို့ဟာ ပုံမှန်ပွဲချိန်အတွင်း (၁-၁)ဂိုးနဲ့ သရေကျခဲ့တာကြောင့် အချိန်ပိုဆက်ကစားရမှာလည်း ဂိုးထပ်မသွင်းနိုင်တဲ့အတွက် ပယ်နယ်တီအဆုံးအဖြတ်ခံယူရာမှာ ဘော့စနီးယားအသင်းက (၄-၁)ဂိုးနဲ့ အနိုင်ရရှိပြီး ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်တစ်နေရာ ရယူသွားခဲ့တာပါ။

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆု (၄)ကြိမ်ရရှိဖူးတဲ့ အီတလီအသင်းကတော့ ၂၀၁၈၊ ၂၀၂၂ နဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ (၃)ကြိမ်ဆက် ခြေစစ်ပွဲမအောင်မြင်ဘဲ ဖြစ်ခဲ့ရတာပါ။

အီတလီလက်ရွေးစင်အသင်းကို ၂၀၂၅ ဇွန်လမှာမှ စတင်တာဝန်ယူကိုင်တွယ်ခဲ့တဲ့ နည်းပြ ဂတ်တူဆိုက (၆)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၁)ပွဲရှုံး ရလဒ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပေမဲ့ ခြေစစ်ပွဲတော့ မအောင်မြင်ခဲ့ပါဘူး။

ဂတ်တူဆိုက အီတလီနည်းပြအဖြစ် ခန့်အပ်ခံရချိန်တုန်းက အီတလီအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်မြင်ခဲ့ရင် အီတလီနိုင်ငံမှာတောင် မနေတော့ဘူးလို့ ပြောကြားခဲ့ဖူးပေမဲ့ ဘော့စနီးယားနဲ့ပွဲအပြီးမှာတော့ အနာဂတ်အကြောင်း ပြောရမယ့်အချိန်မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

''ဒီနေ့ ကျွန်တော့်အနာဂတ်အကြောင်း ပြောကြားဖို့ စိတ်မဝင်စားပါဘူး။ ဒါက တကယ့်ကို နာကျင်ရပါတယ်။ ကိုယ့်ကိုယ်ကိုထက် ဒီလတွေအတွင်း အရာအားလုံးကို အမှန်တကယ်ပေးဆပ်ထားခဲ့ကြတဲ့ ကစားသမားတွေကို အခုလိုမြင်တွေ့ရတာ ပိုပြီးနာကျင်ရပါတယ်။ ကျွန်တော်တို့ ကမ္ဘာ့ဖလား ပြန်လည်ယှဉ်ပြိုင်ခွင့်ရဖို့ ထိုက်တန်တယ်လို့ ထင်ခဲ့မိပါတယ်။ ကျွန်တော်တို့ မလုပ်ဆောင်နိုင်ခဲ့တဲ့အတွက် တောင်းပန်ချင်ပါတယ်'' လို့ ဂတ်တူဆိုက ပြောကြားခဲ့ပါတယ်။

Most Read

Most Recent