အမေရိကန်နှင့် အစ္စရေးတို့ အီရန်အပေါ် စစ်ဆင်နွှဲနေမှုတွင် ပါဝင်နေသည့် အမေရိကန်စစ်လေယာဉ်များအတွက် စပိန်က ၎င်းတို့၏ လေပိုင်နက်ကို အသုံးပြုခွင့်မပေးကြောင်း ကြေညာလိုက်သည်။ ယင်းကြေညာချက်က အီရန်စစ်ပွဲကို အဓိကဆန့်ကျင်သူအဖြစ် စပိန်၏ ရပ်တည်ချက်ကို ပိုခိုင်မာစေခဲ့သည်။
စစ်ဆင်ရေးများအတွက် စပိန်နိုင်ငံအတွင်း အမေရိကန်နှင့် တွဲဖက်အသုံးပြုနေသည့် စစ်အခြေစိုက်စခန်းများကို အမေရိကန်က အသုံးပြုခွင့်မရှိဟု စပိန်အစိုးရက အသိပေးလိုက်ပြီးနောက် ယခုလေပိုင်နက်ပိတ်ပင်မှုကို စပိန်ကာကွယ်ရေးဝန်ကြီးက မတ် ၃၀ ရက်တွင် အတည်ပြုခဲ့သည်။
"အီရန်စစ်ပွဲနဲ့ပတ်သက်ရင် စစ်အခြေစိုက်စခန်းတွေကိုပဲဖြစ်ဖြစ်၊ လေပိုင်နက်ကိုပဲဖြစ်ဖြစ် သုံးခွင့်မပေးနိုင်ပါဘူး" ဟု စပိန်ကာကွယ်ရေးဝန်ကြီး မာဂါရီတာ ရိုဘယ်လ်စ်က သတင်းထောက်များကို ပြောကာ "စပိန်ရဲ့ ရပ်တည်ချက်ကို အားလုံးသိလိမ့်မယ် ထင်ပါတယ်။ သိပ်ကိုရှင်းပါတယ်။ ဒီစစ်ပွဲဟာ လုံးဝတရားမဝင်၊ လုံးဝ မတရားတဲ့စစ်ပွဲပါ" ဟုလည်း ပြောဆိုခဲ့သည်။
လေပိုင်နက်ပိတ်လိုက်ခြင်းကြောင့် ဗြိတိန်နှင့် ဥရောပအခြားနေရာများတွင် အခြေစိုက်ထားသည့် အမေရိကန်စစ်လေယာဉ်များသည် အရေးပေါ်အခြေအနေမှလွဲပြီး အရှေ့အလယ်ပိုင်းရှိ ပစ်မှတ်များသို့သွားရာတွင် စပိန်ကို ရှောင်ကွင်းသွားရတော့မည်ဖြစ်သည်။
စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချတ်ဇ်က အီရန်စစ်ပွဲကို အတိအလင်း ကန့်ကွက်ခဲ့သူဖြစ်ပြီး စစ်အခြေစိုက်စခန်းများ အသုံးပြုခွင့်ကို ငြင်းပယ်လိုက်ခြင်းကြောင့် ဒေါ်နယ်ထရန့်က စပိန်နှင့် ကုန်သွယ်မှုများကို ဖြတ်တောက်မည်ဟုပင် ခြိမ်းခြောက်ခဲ့သည်။ "တရားမဝင်တဲ့ လုပ်ရပ်တစ်ခုကို နောက်ထပ်အဲဒီလိုလုပ်ရပ်နဲ့ တုံ့ပြန်လို့မှမရပဲ။အဲဒီလိုလုပ်တာဟာ လူသားမျိုးနွယ်အတွက် အကြီးအကျယ်ဒုက္ခတွေ စတင်ရာ အကြောင်းအရင်းပဲ" ဟု ဆိုကာ စစ်တိုက်ရပ်ရန် အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့ကို စပိန်ဝန်ကြီးချုပ်က တိုက်တွန်းထားသည်။
လေပိုင်နက် ကန့်သတ်လိုက်ခြင်းကြောင့် အိမ်ဖြူတော်နှင့် ဆက်ဆံရေး ပိုဆိုးလာနိုင်သလား မေးမြန်းမှုနှင့်ပတ်သက်ပြီး စပိန်စီးပွားရေးဝန်ကြီး ကားလို့စ်ကွယ်ပိုက "နိုင်ငံတကာဥပဒေကို ဆန့်ကျင်ပြီး တစ်ဦးတည်းသဘောနဲ့ စခဲ့တဲ့စစ်ပွဲမှာ မပါဖို့၊ အားမပေးဖို့ စပိန်အစိုးရက ဆုံးဖြတ်ပြီးသား။ လေပိုင်နက်ကိစ္စကလည်း အဲဒီဆုံးဖြတ်ချက်ထဲမှာ ပါတယ်" ဟု ပြည်တွင်းအသံလွှင့်ဌာနတစ်ခုကို ဖြေကြားခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်က ဝန်ကြီးချုပ်ဆန်းချတ်ဇ် စပိန်လွှတ်တော်သို့ ပြောကြားချက်အရ Rota နှင့် Moron အခြေစိုက်စခန်းများကို အမေရိကန်အား အသုံးပြုခွင့်ပိတ်ထားပြီး စစ်ပွဲနှင့်ပတ်သက်သည့် ပျံသန်းမှု အစီအစဉ်အားလုံးကို ပယ်ချထားသည်။ ထိုအထဲတွင် ဆီဖြည့်တင်းမည့် လေယာဉ်များလည်း ပါဝင်မည်ဖြစ်သည်။ သို့သော် ဥရောပအခြေစိုက် အမေရိကန်တပ်ဖွဲ့ဝင် ၈၀,၀၀၀ အတွက် ထောက်ပံ့ပို့ဆောင်ရေးကဲ့သို့ နှစ်နိုင်ငံ သဘောတူညီချက်အရမူ အမေရိကန်စစ်လေယာဉ်များက အဆိုပါအခြေစိုက်စခန်းများကို ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။
စစ်ပွဲစတင်ကတည်းက အဆိုပါအခြေစိုက်စခန်းများသို့ အမေရိကန် စစ်ဘက်လေယာဉ်ပျံသန်းမှု အနည်းဆုံးအကြိမ် ၇၀ ခန့်ရှိခဲ့သည်ဆိုသည့် သတင်းလည်းထွက်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီးက ယင်းပျံသန်းမှုများသည် စစ်ဘက်သယ်ယူပို့ဆောင်ရေးများသာဖြစ်ပြီး တိုက်လေယာဉ်များ ၊ ဆီဖြည့်လေယာဉ်များ မဟုတ်ဟု ပြန်ဖြေရှင်းထားသည်။
စပိန်စစ်အခြေစိုက်စခန်းများတွင် B-2 နှင့် B-52 အမေရိကန်ဗုံးကြဲလေယာဉ်များ၏ စစ်ရေးလေ့ကျင့်မှုများ ရှိခဲ့သော်လည်း တတိယနိုင်ငံတစ်ခုကို တိုက်ရိုက်စစ်ဆင်ရန်အတွက် အဆိုပါစခန်းများကို အသုံးပြုခွင့်ပေးသည်မှာ အလွန်ရှားသည်။ သမိုင်းအရ ၁၉၉၁ ခုနှစ် ပင်လယ်ကွေ့စစ်ပွဲဖြစ်ပွားချိန် ဖိလစ်ပီ ဂွန်ဇာလက်စ်ဦးဆောင်သည့် ဆိုရှယ်လစ်အစိုးရလက်ထက်တွင်သာ ထိုသို့ရှိခဲ့သည်။
Ref: The Guardian















