အာဆင်နယ်အသင်းမှာ လက်ရှိဖြတ်သန်းနေတဲ့ နိုင်ငံတကာရက်သတ္တပတ်အတွင်း ဒဏ်ရာရကစားသမား (၁၂)ဦးအထိရှိလာကြောင်း သိရပါတယ်။
စပိန်ကွင်းလယ်ကစားသမား ဇူဘီမန်ဒီက အာဆင်နယ်အသင်းရဲ့ နောက်ဆုံးဒဏ်ရာရကစားသမားဖြစ်ပြီး ညာဘက်ဒူးဒဏ်ရာရရှိခဲ့ခြင်းဖြစ်တာကြောင့် လက်ရွေးစင်အသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့ရပါတယ်။
အာဆင်နယ်အသင်းရဲ့ ဒဏ်ရာရကစားသမားတွေက မယ်ရီနို၊ အော်ဒီဂွါ၊ ထရော့ဆက်ဒ်၊ မာဒူအေကေ၊ ဆာလီဘာ၊ ဂါဘရီယဲလ်၊ ဟင်ကာပီ၊ ဒက်ကလန်ရိုက်စ်၊ ဆာကာ၊ ဇူဘီမန်ဒီ၊ တင်ဘာနဲ့ အက်ဇေးတို့ဖြစ်ပြီး ဇန်နဝါရီလကတည်းက အနားယူနေရတဲ့ မယ်ရီနိုကလွဲရန် ကျန်(၁၁)ဦးက အခုရက်သတ္တပတ်မှာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ကြရတာပါ။
အာဆင်နယ်အသင်းအနေနဲ့ နိုင်ငံတကာရက်သတ္တပတ်တစ်ခုအတွင်း ကစားသမားဒဏ်ရာရရှိမှု စံချိန်တင်အရေအတွက်အထိ ရောက်ရှိခဲ့တာဖြစ်ပြီး ဖလားသုံးလုံးမျှော်လင့်ချက်အပေါ် ထိခိုက်မှုရှိလာနိုင်ကြောင်း သုံးသပ်မှုတွေ ရှိနေပါတယ်။
အာဆင်နယ်အသင်းဟာ ဧပြီလအတွင်းမှာ ပွဲစဉ်(၆)ပွဲ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဧပြီ(၄)မှာ ဆောက်သမ်တန်နဲ့ FA ဖလားပွဲ၊ ဧပြီ(၇)နဲ့ (၁၅)မှာ စပို့တင်းလစ္စဘွန်းနဲ့ ချန်ပီယံလိဂ်နှစ်ကျော့၊ ဧပြီ(၁၁)မှာ ဘုန်းမောက်၊ ဧပြီ(၁၉)မှာ မန်စီးတီး၊ ဧပြီ(၂၅)မှာ နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ်ပွဲတွေ ယှဉ်ပြိုင်ကစားရမှာပါ။















