အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီတွင် ဥက္ကဋ္ဌ အဖြစ် ဦးချစ်ဆွေနှင့် အတွင်းရေးမှူးအဖြစ် ဦးသန်းအောင် တို့ကို တာဝန်ပေးအပ်ရန် လျာထားပြီး အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းမည်

အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီတွင် ဥက္ကဋ္ဌ အဖြစ် ဦးချစ်ဆွေနှင့် အတွင်းရေးမှူးအဖြစ် ဦးသန်းအောင် တို့ကို တာဝန်ပေးအပ်ရန် လျာထားပြီး အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းမည်
Published 24 March 2026

အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီတွင် ဥက္ကဋ္ဌ အဖြစ် ဦးချစ်ဆွေနှင့် အတွင်းရေးမှူးအဖြစ် ဦးသန်းအောင် တို့ကို တာဝန်ပေးအပ်ရန် လျာထားပြီး အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။

ယနေ့(မတ် ၂၄ ရက်)တွင် ကျင်းပသည့် တတိယအကြိမ် အမျိုးသားလွှတ် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် အဖွဲ့ဝင် ၁၅ ဦး ပါဝင်သော အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီအား ဖွဲ့စည်းရန် လျာထားခဲ့ခြင်း ဖြစ်သည်။

“ ယခု ၂၀၁၂ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၂၄ အရ ကော်မတီများ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ၂၀၁၅ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ (၄၄)နဲ့ (၆၅)တို့အရ ပြည်သူ့ငွေစာရင်းကော်မတီကို (၁၅)ဦးထက်မပိုတဲ့ လွှတ်တော်ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းရမှာဖြစ်ပြီး ကော်မတီမှာ ပါဝင်သင်တဲ့ အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်အဖြစ် ပါဝင်သင့်တဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အမည်စာရင်း၊ ကော်မတီကို တာဝန်ယူဦးဆောင်မယ့် ကော်မတီဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့ရဲ့ အမည်စာရင်းများကို လွှတ်တော်မှာ တင်ပြပြီး အတည်ပြုချက်ရယူ ဖွဲ့စည်းရမှာ ဖြစ်ပါတယ်” ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး က ပြောကြားသည်။

ပြည်သူ့ငွေစာရင်းကော်မတီ ဖွဲ့စည်းခြင်းနှင့်တစ်ဆက်တည်းတွင် ၂၀၁၂ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ (၃၀)၊ ၂၀၁၅ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာနည်းဥပဒေ (၄၅)၊ (၄၆)၊ (၆၈)၊(၆၉)၊(၇၀)၊(၇၁)၊(၇၂)၊(၇၃)၊(၇၄)နှင့် (၇၅)တို့အရ ကော်မတီ၏ အဖွဲ့ဝင်ဦးရေ၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းများကို လွှတ်တော်က သတ်မှတ်ပေးရန်လိုအပ်ကြောင်း၊ ထို့ကြောင့် အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီကို အဖွဲ့ဝင် ၁၅ ဦးနှင့် ဖွဲ့စည်းရန် လျာထားပါကြောင်း၊ ကော်မတီ၏သက်တမ်း တစ်နှစ်ပြည့်မြောက်သည့်အခါတိုင်း ပြန်လည်သုံးသပ်ပြီး လိုအပ်ပါက ကော်မတီဝင်များကို သင့်လျော်သလို လဲလှယ်အစားထိုး တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် လွှတ်တော်က သတ်မှတ်ပေးမည့် အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းများနှင့်စပ်လျဉ်းပြီး တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးသန်းအောင် က လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့သည်။

“ ၂၀၁၂ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ (၃၀)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးပြီးတော့ ပြည်သူ့ငွေစာရင်းကော်မတီကို လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ သည် ကော်မတီဝင်များရဲ့ သက်တမ်း တစ်နှစ် ပြည့်မြောက်သည့်အခါတိုင်း ပြန်လည်သုံးသပ်ပြီးတော့ လိုအပ်ပါက ကော်မတီဝင်များကို သင့်လျော်သလို လဲလှယ်အစားထိုး တာဝန်ပေးအပ်နိုင်ပါတယ်” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသန်းအောင် က လွှတ်တော်သို့ တင်ပြခဲ့သည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ၂၀၁၂ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ (၂၄)၊ ၂၀၁၅ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာနည်းဥပဒေ (၄၄)နှင့် (၆၅)တို့အရ ပြည်သူ့ငွေစာရင်းကော်မတီကို လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းနိုင်ရေးအတွက် ကော်မတီတွင် ပါဝင်သင့်သည့် အဖွဲ့ဝင် ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကို လွှတ်တော်သို့ တင်ပြခဲ့သည်။

“ ပြည်သူ့ငွေစာရင်းကော်မတီကို (၁၅)ဦးနဲ့ ဖွဲ့စည်းမှာဖြစ်ပြီး ကော်မတီဥက္ကဋ္ဌ အဖြစ် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁၀) ဦးချစ်ဆွေ အား လည်းကောင်း၊ အတွင်းရေးမှူးအဖြစ် တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးသန်းအောင် အား လည်းကောင်း တာဝန်ပေးအပ် ဖွဲ့စည်းသွားမှာဖြစ်ကြောင်း တင်ပြအပ်ပါတယ်” ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ပြောကြားသည်။

Most Read

Most Recent