ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံများ အဆင့်သတ်မှတ်ရာ၌ ၁၄၇ နိုင်ငံအနက် မြန်မာနိုင်ငံက အဆင့် ၁၂၉ နေရာတွင် ရပ်တည်

ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံများ အဆင့်သတ်မှတ်ရာ၌ ၁၄၇ နိုင်ငံအနက် မြန်မာနိုင်ငံက အဆင့် ၁၂၉ နေရာတွင် ရပ်တည်
Published 23 March 2026

မတ်၂၀ ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ပျော်ရွှင်မှုနေ့ အထိမ်းအမှတ်အဖြစ် နှစ်စဉ်ထုတ်ပြန်လေ့ရှိသော “ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံများ အစီရင်ခံစာ၂၀၂၆” အရ ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံများ အဆင့်သတ်မှတ်ရာ၌ ၁၄၇ နိုင်ငံအနက် မြန်မာနိုင်ငံက အဆင့် ၁၂၉ နေရာတွင် ရပ်တည်ခဲ့ကြောင်း သိရသည်။

တစ်ကမ္ဘာ့လုံးအဆင့်တွင် မြန်မာနိုင်ငံက အဆင့် ၁၂၉ တွင် ရပ်တည်ခဲ့သဖြင့် ၎င်းအောက်တွင် ၁၈ နိုင်ငံသာ ကျန်ရှိသည်။

ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံများကို အဆင့်သတ်မှတ်ရာတွင် နိုင်ငံသားများ၏ တစ်ဦးချင်းဝင်ငွေ၊ လူမှုဘဝအထောက်အပံ့ရရှိမှု၊ မျှော်မှန်းသက်တမ်း၊ လွတ်လပ်သည်ဟု ခံစားရမှု၊ ရက်ရောမှုနှင့် အကျင့်ပျက်ခြစားမှု အစရှိသည်များကို အဓိက ထည့်သွင်း တွက်ချက်ထားခြင်းဖြစ်သည်။

“ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံများ အစီရင်ခံစာ၂၀၂၆” အရ ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံမှာ ဖင်လန်နိုင်ငံဖြစ်ပြီး ယင်းနောက်တွင် အိုက်စလန်၊ ဒိန်းမတ်၊ ကော်စတာရီကာ၊ ဆွီဒင်၊ နော်ဝေ၊ နယ်သာလန်၊ အစ္စရေး၊ လူဇင်ဘတ်နှင့် ဆွစ်စလန်နိုင်ငံတို့က အစဉ်လိုက် ရပ်တည်နေသည်။

ပြီးခဲ့သည့် “ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံများ အစီရင်ခံစာ၂၀၂၅” တွင်လည်း ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံအဖြစ် ဖင်လန်နိုင်ငံကိုသာ သတ်မှတ်ခဲ့သောကြောင့် ဖင်လန်နိုင်ငံအနေဖြင့် နှစ်နှစ်ဆက် ပထမနေရာတွင် ရပ်တည်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါနှစ်ပတ်လည်အဆင့် သတ်မှတ်ချက်များကို Gallup၊ Oxford Wellbeing Research Centre နှင့် UN Sustainable Development Solutions Network တို့ ပူးပေါင်းပြီး နိုင်ငံပေါင်း ၁၄၇ နိုင်ငံတွင် ပြုလုပ်ထားသော သုတေသနအချက်အလက်များအပေါ် အခြေခံထားခြင်း ဖြစ်ကြောင်း သိရသည်။

“ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံများ အစီရင်ခံစာ၂၀၂၆” အရ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံများတွင်လည်း မြန်မာနိုင်ငံက ပျော်ရွှင်မှု အနိမ့်ကျဆုံးနိုင်ငံ ဖြစ်ခဲ့သည်။

အရှေ့တောင်အာရှတွင် စင်ကာပူနိုင်ငံက ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံများ အဆင့် ၃၆ ဖြင့် အမြင့်ဆုံးသတ်မှတ်ခံထားရပြီး ယင်းနောက်တွင် ကမ္ဘာ့အဆင့် သတ်မှတ်ချက်များအလိုက် ဗီယက်နမ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှား၊ လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့က အစဉ်လိုက်ရပ်တည်နေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် “ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံများ အစီရင်ခံစာ၂၀၂၅” တွင် မြန်မာနိုင်ငံက ကမ္ဘာ့အဆင့် ၁၂၆ နေရာတွင် ရှိခဲ့ပြီး ယခုနှစ်တွင် ကမ္ဘာ့အဆင့် ၁၂၉ နေရာ၌ ရပ်တည်ခဲ့သည့်အတွက် အဆင့်သုံးဆင့် လျော့ကျသွားခဲ့ကြောင်း သိရသည်။

Most Read

Most Recent