ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီအား အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီး ဥက္ကဋ္ဌအဖြစ် ဒေါက်တာနန္ဒကျော်စွာနှင့် အတွင်းရေးမှူးအဖြစ် ဦးသိန်းထွန်းဦး တို့အား တာဝန်ပေးအပ်ရန် လျာထား

ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီအား အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီး ဥက္ကဋ္ဌအဖြစ် ဒေါက်တာနန္ဒကျော်စွာနှင့် အတွင်းရေးမှူးအဖြစ် ဦးသိန်းထွန်းဦး တို့အား တာဝန်ပေးအပ်ရန် လျာထား
Published 23 March 2026

ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီအား အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီး ဥက္ကဋ္ဌအဖြစ် ဒေါက်တာနန္ဒကျော်စွာနှင့် အတွင်းရေးမှူးအဖြစ် ဦးသိန်းထွန်းဦး တို့အား တာဝန်ပေးအပ်ရန် လျာထားကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ က ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ ဖွဲ့စည်းရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် “ ကနေ့ ပြည်သူ့လွှတ်တော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁၅ ပုဒ်မခွဲ(က)၊ ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၄ နဲ့ ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၄ တို့အရ ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်းကော်မတီ၊ လွှတ်တော်အခွင့်အရေးကော်မတီနဲ့ အစိုးရရဲ့ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များ စိစစ်ရေးကော်မတီ တို့ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်် များဖြင့် ဖွဲ့စည်းပေးရမှာ ဖြစ်ပါတယ်ဟု ပြောကြားသည်။

ထို့ပြင် ၎င်းတို့၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့် ကော်မတီ အစည်းအဝေးများကိုလည်း ပြည်သူ့လွှတ်တော်က သတ်မှတ်ပေးရမည်ဖြစ်ကြောင်း၊ ကော်မတီများတွင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး အပါအဝင် ကော်မတီဝင် ၁၅ ဦးစီနှင့်ဖွဲ့စည်းမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း က ဥပဒေကြမ်းကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီ အစည်းအဝေးများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

ဥပဒေကြမ်းကော်မတီဟာ ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ (၂)၊ ပုဒ်မခွဲ(ဇ)အရ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်ပါတယ်။ ကော်မတီရဲ့သက်တမ်းဟာ ပြည်သူ့လွှတ်တော်ရဲ့ သက်တမ်းနဲ့အညီ ဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌ ဟာ ကော်မတီရဲ့သက်တမ်း တစ်နှစ်ပြည့်မြောက်တဲ့အခါ ပြန်လည်သုံးသပ်ပြီး လိုအပ်ပါက ကော်မတီဝင်များကို သင့်လျော်သလို လဲလှယ်အစားထိုး တာဝန်ပေးအပ် နိုင်ပါတယ်ဟု ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း က ရှင်းလင်း ပြောကြားသည်။

ထို့နောက် ဥပဒေကြမ်းကော်မတီကို လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းနိုင်ရေးအတွက် ဥပဒေကြမ်းကော်မတီတွင် ပါဝင်ရန် လျာထားသည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်တီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းများကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ က လွှတ်တော်သို့ တင်ပြခဲ့သည်။

ဥပဒေကြမ်းကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး ဒဂုံမဲဆန္ဒနယ်မှပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာနန္ဒကျော်စွာ၊ သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန်းသန်းအေး၊ ရေဦးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးတင့်အောင်၊ နတ်တလင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်၊ ဆိတ်ကြီးခနောင်တိုမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထွန်းထွန်းဝင်း၊ ရွှေတောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရွှေ၊ ကွမ်းခြံကုန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်၊ မိုင်းခတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝန်းစံ၊ ကျုံပျော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်း၊ ကြံခင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်မင်းဦး၊ တောင်ကြီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းကျင်း(ခ)နန်းစိန်၊ ဟုမ္မလင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ကျော်၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ဝင်းမြိုင်၊ ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်း နှင့် အမရပူရမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦး တို့ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက လွှတ်တော်သို့ တင်ပြခဲ့သည်။

 ဥပဒေကြမ်းကော်မတီမှာ ကော်မတီဥက္ကဋ္ဌအဖြစ် ဒေါက်တာနန္ဒကျော်စွာ ဒဂုံမဲဆန္ဒနယ်နှင့် အတွင်းရေးမှူးအဖြစ် ဦးသိန်းထွန်းဦး အမရပူရမဲဆန္ဒနယ် တို့အား တာဝန်ပေးအပ် ဖွဲ့စည်းသွားမှာဖြစ်ကြောင်း တင်ပြပါတယ်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက လွှတ်တော်သို့ တင်ပြခဲ့သည်။

ကော်မတီတာဝန်များအနေနှင့် ဥပဒေကြမ်းများနှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်ညီညွတ်မှု ရှိ၊ မရှိ၊ နိုင်ငံတော်က ချမှတ်ထားသော မူဝါဒများ၊ ဦးတည်ချက်များနှင့်ညီညွတ်မှု ရှိ၊ မရှိ၊ နိုင်ငံတော်နှင့် အများပြည်သူတို့၏ အကျိုးစီးပွါးကို အလေးထားပြီး ကာကွယ်စောင့်ရှောက်ရေးကို ဦးတည်ခြင်း ရှိ၊ မရှိ၊ နိုင်ငံတော် တည်တံ့ခိုင်မြဲရေးနှင့် လုံခြုံရေးကို အန္တရာယ်ပြု ထိပါးစေမည့် အချက်အများ ပါဝင်ခြင်း ရှိ၊ မရှိ၊ နိုင်ငံတော်၏ ပကတိ အခြေအနေများနှင့် လိုက်လျောညီထွေမှု ရှိ၊ မရှိ၊ အများပြည်သူ၏ လုံခြုံရေးနှင့် ပစ္စည်းလုံခြုံရေးကို ထိခိုက်ခြင်း ရှိ၊ မရှိ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်ပျက်ပြားစေမည့် အရေးအသား အသုံးအနှုန်းများ ပါဝင်ခြင်း ရှိ၊ မရှိ၊ ပြည်ထောင်စုဝန်ကြီးဌာန တစ်ခုနှင့် အစိုးရအဖွဲ့အစည်း တစ်ခု၏ လုပ်ပိုင်ခွင့်များ၊ အစိုးရဌာန အဖွဲ့အစည်း တစ်ခုနှင့် တစ်ခု၏ လုပ်ပိုင်ခွင့်များ ရောထွေးခြင်း ရှိ၊ မရှိ၊ အပြည်ပြည်ဆိုင်ရာ ဒေသဆိုင်ရာ သို့မဟုတ် ဒေသအချင်းချင်းဆိုင်ရာစာချုပ်များ၊ သဘောတူညီချက်များပါ တာဝန်အရ ရေးဆွဲထားသော ဥပဒေကြမ်းဖြစ်လျှင် ထိုစာချုပ်များ၊ သဘောတူစာချုပ်များပါ မြန်မာနိုင်ငံက သဘောတူလက်ခံထားသော အချက်များနှင့် လိုက်လျောညီထွေခြင်း ရှိ၊ မရှိ ၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာ ထိပါးခြင်း ရှိ၊ မရှိ၊ သက်ဆိုင်ရာဥပဒေကြမ်းနှင့် သက်ဆိုင်သော မူပိုင်းဆိုင်ရာ အချက်အလက်များ ပြည့်စုံစွာ ပါဝင်ခြင်း ရှိ၊ မရှိ အပါအဝင် နှင့် ဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်များကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် အခြေအနေ ရှိ၊ မရှိ စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။

ဥပဒေကြမ်းကော်မတီတွင် ပါဝင်မည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကိုလည်းကောင်း၊ ဥပဒေကြမ်း ကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့် ကော်မတီအစည်းအဝေးများကိုလည်းကောင်း ပြည်သူ့ လွှတ်တော်၏ အတည်ပြုချက်ရယူခြင်းနှင့် ဥပဒေကြမ်းကော်မတီ ဖွဲ့စည်းကြောင်း ကြေညာခြင်းတို့ကို မတ် ၂၄ ရက်တွင် ကျင်းပမည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent