■ အီရန်အပေါ်ဆင်နွှဲနေသည့် စစ်ဆင်ရေးများကို လျှော့ချရန် စဉ်းစားနေကြောင်း ထရန့်ပြောကြား

■ အီရန်အပေါ်ဆင်နွှဲနေသည့် စစ်ဆင်ရေးများကို လျှော့ချရန် စဉ်းစားနေကြောင်း ထရန့်ပြောကြား
Published 21 March 2026

 

အီရန်အပေါ် ဆင်နွှဲနေသည့် စစ်ဆင်ရေးများကို လျှော့ချရန် စဉ်းစားနေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မတ် ၂၀ ရက် တွင် ပြောကြားခဲ့သည်။

 

တစ်ချိန်တည်းမှာပင် ကမ္ဘာလုံးဆိုင်ရာ လောင်စာဆီပြတ်လပ်မှု အကျပ်အတည်းကို တားဆီးရန်အတွက် အီရန်၏ ရေနံတင်ပို့မှုအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို အမေရိကန်က ယာယီဖြေလျှော့ပေးခဲ့သည်။

 

သို့သော် အီရန်၏ အဓိပတိသစ် မိုဂျ်တာဘာ ခါမေနီကမူ အီရန်နိုင်ငံအား ရန်မူသူများကို ပြင်းထန်စွာထိုးနှက်ပေးနိုင်ခဲ့ပြီဟု ကြွေးကြော်ခဲ့ပြီး အီရန်သည် ဆော်ဒီအာရေဗျနှင့် အစ္စရေးနိုင်ငံတို့ကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် ဆက်လက်တိုက်ခိုက်ခဲ့သည်။

 

သမ္မတ ထရန့်ကမူ အရှေ့အလယ်ပိုင်းရှိ မိမိတို့၏ ကြီးမားသော စစ်ရေးကြိုးပမ်းမှုများကို လျှော့ချရန် စဉ်းစားနေသကဲ့သို့ မိမိတို့၏ ရည်မှန်းချက်များ ပြည့်မီရန် အလွန်နီးစပ်နေပြီဖြစ်ကြောင်း Truth Social လူမှုမီဒီယာတွင် ပို့စ်တင်ပြီး ရေးသားဖော်ပြခဲ့သည်။

 

၎င်း၏ ပို့စ်သည် ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ခဲ့သော တိုက်ခိုက်မှုများကို မကြာမီ အဆုံးသတ်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း အခိုင်မာဆုံး ညွှန်ပြချက်တစ်ခု ဖြစ်လာခဲ့သည်။

 

ထရန့်၏ မှတ်ချက်ထွက်ပေါ်ခဲ့ပြီးနောက် မကြာမီအချိန်အတွင်းမှာပင် အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကယ်ရိုလိုင်း လက်ဗစ်က သမ္မတထရန့်နှင့် ပင်တဂွန်စစ်ဌာနချုပ်တို့သည် အီရန်စစ်ဆင်ရေးအောင်မြင်ရန် သီတင်းလေးပတ်မှ ခြောက်ပတ်ခန့် ကြာမြင့်မည်ဟု ခန့်မှန်းထားခဲ့ကြောင်း X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

 

"မနက်ဖြန် (မတ် ၂၁ ရက်) ဆိုရင် စစ်ပွဲစတင်ခဲ့တာ ၃ ပတ်ပြည့်သွားပြီဖြစ်ပြီး အမေရိကန် လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ထူးခြားတဲ့ အလုပ်တစ်ခုကို လုပ်ဆောင်နေကြပါတယ်။အီရန်အစိုးရဟာ တစ်နေ့ထက်တစ်နေ့ အင်အားချည့်နဲ့လာပြီး အမေရိကန်နဲ့ ကျွန်မတို့ မဟာမိတ်တွေကို ခြိမ်းခြောက်နိုင်စွမ်းကလည်း သိသိသာသာ လျော့နည်းလာပါပြီ" ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

 

တစ်ချိန်တည်းမှာပင် ရေနံဈေးနှုန်း မြင့်တက်လာမှုနှင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့မှု ပြတ်လပ်နိုင်ခြေအပေါ် စိုးရိမ်မှုများ မြင့်တက်နေစဉ် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ရေနံသင်္ဘောများပေါ်တွင် တင်ဆောင်ထားပြီးဖြစ်သော အီရန်ရေနံများအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများကို ယာယီဖြေလျှော့ပေးလိုက်ကြောင်း ကြေညာခဲ့သည်။

 

ယခုဖြေလျှော့ချက်အရ မတ်လ ၂၀ ရက်မတိုင်မီ သင်္ဘောများပေါ်တွင် တင်ဆောင်ထားပြီးဖြစ်သော အီရန်ရေနံစိမ်းနှင့် အခြားရေနံထွက်ပစ္စည်းများကို ပို့ဆောင်ရောင်းချခွင့်ပြုမည်ဖြစ်ပြီး ခွင့်ပြုကာလမှာ ဧပြီလ ၁၉ ရက်အထိ အကျုံးဝင်မည်ဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

 

"ကမ္ဘာ့ဈေးကွက်အတွက် ရှိရင်းစွဲ ရေနံထောက်ပံ့မှုတွေကို ယာယီဖွင့်ပေးလိုက်ခြင်းအားဖြင့် အမေရိကန်ဟာ ရေနံစည်ပေါင်း ၁၄၀ သန်းခန့်ကို ကမ္ဘာ့ဈေးကွက်ထဲ အမြန်ဆုံးရောက်ရှိစေမှာဖြစ်ပါတယ်။ အဲဒါကြောင့် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ပမာဏကို တိုးချဲ့ပေးပြီး အီရန်ကြောင့်ဖြစ်ပေါ်လာတဲ့ ယာယီထောက်ပံ့မှုဆိုင်ရာ ဖိအားတွေကို လျှော့ချပေးနိုင်မှာဖြစ်ပါတယ်" ဟု ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆင့် က ပြောကြားခဲ့သည်။

 

ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ စုစုပေါင်းစီးဆင်းမှု၏ ၂၀ ရာခိုင်နှုန်း ဖြတ်သန်းသည့် ဟော်မုဇ်ရေလက်ကြားကို အီရန်က ပိတ်ဆို့ထားခြင်းနှင့် အရှေ့အလယ်ပိုင်းရှိ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများကို တိုက်ခိုက်နေခြင်းတို့ကြောင့် ရေနံစိမ်းဈေးနှုန်းများမှာ အဆမတန် မြင့်တက်လျက်ရှိသည်။

Most Read

Most Recent