ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၀)ရဲ့ အကောင်းဆုံးကစားသမား ရွေးချယ်ဖို့အတွက် ဆန်ခါတင်(၅)ဦးစာရင်း ထုတ်ပြန်ခဲ့ရာမှာ အာဆင်နယ်အသင်းရဲ့ (၁၆)နှစ်အရွယ်ကစားသမား မက်စ်ဒေါင်းမန်း ပါဝင်လာခဲ့ကြောင်း သိရပါတယ်။
ဒီဆုကို ပရိသတ်တွေရဲ့ ဆန္ဒမဲနဲ့ ရွေးချယ်မှာဖြစ်ပြီး ဒီနေ့ည နောက်ဆုံးထားပြီး ပရီးမီးယားလိဂ်ဝက်ဘ်ဆိုက်မှာ ဝင်ရောက်မဲပေးနိုင်ကြောင်း သိရပါတယ်။
ဆန်ခါတင်စာရင်းမှာ ပါဝင်တဲ့ ကစားသမားတွေကတော့ မက်စ်ဒေါင်းမန်း(အာဆင်နယ်)၊ ဘရူနိုဖာနန်ဒက်စ်(မန်ယူ)၊ ဂေါ်ဒွန်(နယူးကာဆယ်)၊ မာဗရိုပါနော့စ်(ဝက်စ်ဟမ်း)နဲ့ ရစ်ချာလီဆန်(စပါး)တို့ ဖြစ်ပါတယ်။
မက်စ်ဒေါင်းမန်းဟာ ဒီဆုအတွက် ဆန်ခါတင်စာရင်းမှာ ပထမဆုံးအကြိမ် ပါဝင်လာခြင်းဖြစ်ပြီး အဲဗာတန်နဲ့ပွဲမှာ ပရီးမီးယားလိဂ်ရဲ့ အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ် စံချိန်တင်ပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ပါဝင်လာခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
မက်စ်ဒေါင်းမန်းဟာ အလန်ရှီးယားရွေးချယ်တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၀)ရဲ့ အကောင်းဆုံးအသင်းမှာလည်း ညာတောင်ပံကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
ပရီးမီးယားလိဂ်ရဲ့ ဆန်ခါတင်စာရင်းမှာ ပါဝင်နေတဲ့ ကစားသမား(၅)ဦးစလုံး အလန်ရှီးယားရဲ့ အကောင်းဆုံးအသင်းမှာ ပါဝင်နေကြောင်းလည်း သိရပါတယ်။















