မန်ယူအသင်းရဲ့ ပေါ်တူဂီကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်မှာ တစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံးပြုလုပ်နိုင်တဲ့ မန်ယူကစားသမားအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။
မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ အက်စတွန်ဗီလာအသင်းကို (၃-၁)ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်နိုင်ခဲ့တာကြောင့် ဒီရာသီ ပရီးမီးယားလိဂ်မှာ စုစုပေါင်းဂိုးဖန်တီးမှု (၁၆)ကြိမ်ရှိသွားခဲ့ပြီး စံချိန်တင်နိုင်ခဲ့တာပါ။
အရင်က မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်ဂိုးဖန်တီးမှုအများဆုံးအဖြစ် စံချိန်တင်ထားသူက ဒေးဗစ်ဘက်ခမ်(၁၅ ကြိမ်)ဖြစ်ပြီး ဘရူနိုဖာနန်ဒက်စ်က ဒီစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။
ဘရူနိုဖာနန်ဒက်စ်က ဒေးဗစ်ဘက်ခမ်ရဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တဲ့အတွက် အလွန်ပျော်ရွှင်ကြောင်းနဲ့ ငယ်ဘဝက ဒေးဗစ်ဘက်ခမ်ရဲ့ လွှမ်းမိုးမှုကို ခံခဲ့ရဖူးကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်ခေတ်မှာ ပြိုင်ပွဲစုံသွင်းဂိုးနဲ့ ဖန်တီးမှု နှစ်မျိုးစလုံး (၁၀၀)နဲ့အထက် ရောက်ရှိတဲ့ တတိယမြောက်မန်ယူကစားသမားအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်က (၁၀၅)ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု (၁၀၀) ပြုလုပ်ခဲ့တာပါ။
တခြားမန်ယူကစားသမားနှစ်ဦးကတော့ ရိုင်ယန်ဂစ်( ၁၆၁ ဂိုး၊ ဖန်တီးမှု ၂၄၉ ကြိမ်)နဲ့ ၀ိန်းရွန်နီ( ၂၅၃ ဂိုး၊ ဖန်တီးမှု ၁၃၁ ကြိမ်)တို့ ဖြစ်ပါတယ်။















