အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်အသင်း ယှဉ်ပြိုင်မယ်ဆိုပါက ကြိုဆိုသွားမယ်လို့ ပြောကြားခဲ့ပေမဲ့ မယှဉ်ပြိုင်သင့်ကြောင်း မှတ်ချက်ပြုခဲ့တယ်လို့ သိရပါတယ်။
''အီရန်လက်ရွေးစင်အသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲက ကြိုဆိုပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ဘဝနဲ့ လုံခြုံမှုအတွက် ယှဉ်ပြိုင်သင့်တယ်လို့ ကျွန်တော်ကတော့ မယုံကြည်ပါဘူး'' လို့ ဒေါ်နယ်ထရန့်က သူ့ရဲ့လူမှုကွန်ရက် Truth Social မှာ ကြာသပတေးနေ့က ရေးသားခဲ့ကြောင်း သိရပါတယ်။
အီရန်အားကစားဝန်ကြီးက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်အသင်း ဝင်ရောက်ယှဉ်ပြိုင်တော့မှာမဟုတ်ကြောင်း အတည်ပြုပြောကြားတဲ့သတင်း ထွက်ပေါ်လာပြီးနောက် ဒေါ်နယ်ထရန့်က အခုလို ရေးသားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့သမိုင်းမှာ ၁၉၅၀ ကမ္ဘာ့ဖလားပြိုင်ပွဲကစပြီး နုတ်ထွက်တဲ့အသင်းမရှိသေးဘဲ အီရန်အသင်းက ပထမဆုံးနုတ်ထွက်တဲ့အသင်းအဖြစ် မှတ်တမ်းဝင်မှာဖြစ်ကြောင်း သိရပါတယ်။
အီရန်အသင်းက လက်ရှိအချိန်အထိ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ တရားဝင်နုတ်ထွက်ခြင်းမရှိသေးဘဲ တကယ်လို့ နုတ်ထွက်ခဲ့ရင် အီရတ်နဲ့ ယူအေအီး တစ်သင်းသင်း အစားထိုးယှဉ်ပြိုင်ခွင့်ရဖွယ်ရှိကြောင်း သိရပါတယ်။















