မန္တလေးမြို့ ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းအတွင်းတွင် မီးလောင်မှုဖြစ်ပွားရာ အခန်း ၁၅ ခန်း မီးလောင်မှုဖြစ်ပွားကြောင်း သိရ

မန္တလေးမြို့ ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းအတွင်းတွင် မီးလောင်မှုဖြစ်ပွားရာ အခန်း ၁၅ ခန်း မီးလောင်မှုဖြစ်ပွားကြောင်း သိရ
Published 10 March 2026

မန္တလေးမြို့ ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းအတွင်းတွင် ၂၀၂၆ ခုနှစ် မတ်လ ၁၀ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားရာ အခန်း ၁၅ ခန်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဌာနမှ သတင်းရရှိသည်။

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက်၊ ၃၈ လမ်းနှင့် ၃၉ လမ်းကြား၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြား၊ ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းအတွင်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မီးငြိမ်းသတ်ယာဉ် ၁၀ စီး၊ မီးသတ်ရေသယ်ယာဉ် ၅ စီး၊ အုပ်ချုပ်မှုယာဉ် ၃ စီး၊ စုစုပေါင်း ၁၈ စီးဖြင့် ငြိမ်းသတ်ခဲ့ရာ ည ၆ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး ည ၆ နာရီ ၅၂ မိနစ်အချိန်ခန့်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ၈ ပေ × ၁၀ ပေ၊ သံဖရိန်၊ သွပ်မိုးကာ၊ ဘာဂျာပိတ်၊ ကွန်ကရစ်ခင်း တစ်ထပ်၊ အခန်း ၁၅ ခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဌာနမှ သိရှိရသည်။

မီးလောင်မှုအကြောင်းအရင်းနှင့်ပတ်​သတ်ပြီး မီးစတင်လောင်သည့်ဆိုင်ခန်းအား တာဝန်ရှိသူများက စုံစမ်းလျှက်ရှိကြောင်း သိရသည်။

သက်ထွန်းအောင်

ဓာတ်ပုံ-ကိုသန်းဌေး

Most Read

Most Recent