■ငြိမ်းချမ်းရေးကို မဖြစ်မနေဖော်ဆောင်ရမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် လိုက်လျောမှုများကို ဆောင်ရွက်ပေးမည်ဖြစ်ပြီး လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဒေသနှင့်နိုင်ငံတော်အကျိုးကိုဦးတည်၍ ဖြစ်နိုင်သည်များကိုသာ တောင်းဆိုရန် ယာယီသမ္မတ ​ပြောကြား

■ငြိမ်းချမ်းရေးကို မဖြစ်မနေဖော်ဆောင်ရမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် လိုက်လျောမှုများကို ဆောင်ရွက်ပေးမည်ဖြစ်ပြီး လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဒေသနှင့်နိုင်ငံတော်အကျိုးကိုဦးတည်၍ ဖြစ်နိုင်သည်များကိုသာ တောင်းဆိုရန် ယာယီသမ္မတ ​ပြောကြား
Published 10 March 2026

လက်ရှိဖော်ထုတ် ရှင်းလင်းမှုများနှင့် နိုင်ငံတော်တွင်ဖြစ်ပေါ်ခဲ့သည့် အွန်လိုင်းလိမ်လည်မှုနှင့် မူးယစ်ဆေးဝါးကိစ္စရပ်များကို သုံးသပ်ကြည့်ပါက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အနေဖြင့် ကိုယ်ကျိုးစီးပွားနှင့် ဆက်လက်ရှင်သန်ရပ်တည်ရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်​ဟုဆို

ငြိမ်းချမ်းရေးကို မဖြစ်မနေဖော်ဆောင်ရမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် လိုက်လျောမှုများကို ဆောင်ရွက်ပေးမည်ဖြစ်ပြီး လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဒေသနှင့်နိုင်ငံတော်အကျိုးကိုဦးတည်၍ ဖြစ်နိုင်သည်များကိုသာ တောင်းဆိုရန်လို​ကြောင်းနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြေကြားသည်။

 နိုင်ငံတော် အစိုးရ၏ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးမှာကြားခြင်းအား ယနေ့(မတ် ၁၀ ရက်) မွန်းလွဲပိုင်းတွင် နေပြည်တော်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၊ သဘင်ဆောင်ခန်းမ၌ ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားတွင် ယာယီသမ္မတက ထိုသို့ထည့်သွင်း ​ပြောကြားခဲ့ခြင်းဖြစ်သည်။

ယာယီသမ္မတက နိုင်ငံတော်၏ ဖြတ်သန်းခဲ့သည့် သမိုင်းကြောင်းအဆက်ဆက်ကို ပြန်ကြည့်မည်ဆိုပါက ပညာရေးနှင့်ပတ်သက်၍ အားနည်းချက်များစွာရှိခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ဘုရင်စနစ်ကျင့်သုံးခဲ့သည့် အချိန်ကာလများတွင် မိမိတို့အနေဖြင့် အတတ်ပညာ၊ စာပေ၊ အနုသုခုမနှင့် ယဉ်ကျေးမှုတို့၌ အဆင့်အတန်းမြင့်မားခဲ့ကြောင်း၊ သို့သော်လည်း အချင်းချင်းညီညွတ်မျှတမှုအားနည်းပြီး အပြန်အလှန်တိုက်ခိုက်နေကြသော ကြောင့် စာပေပညာနှင့် အတတ်ပညာများကို လက်ဆင့်ကမ်းနိုင်မှုအားနည်းခဲ့ကြခြင်းဖြစ်ကြောင်း၊ ကိုလိုနီခေတ်တွင် ပညာရေးဖိနိပ်ခံရမှုများရှိခဲ့သကဲ့သို့ လွတ်လပ်ရေးရရှိပြီးချိန်မှစတင်၍ ပြည်တွင်းမငြိမ်မသက်မှုများကြောင့် ပညာရေးအားနည်းမှုများဖြစ်ပေါ်ခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင်လည်း အချို့ဆူပူမှုဖြစ်ပေါ်ပြီး တည်ငြိမ်မှုမရှိသည့်ဒေသများတွင် ပညာရေးကို ပိုမိုထိခိုက်စေသည်ကို တွေ့ရကြောင်း၊ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ကြားနိုင်ရေး ပညာရေးကို အားပေးမြှင့်တင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ငြိမ်းချမ်းမှု မရှိပါက နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်ရန် များစွာအခက်အခဲရှိနေဦးမည်ဖြစ်သဖြင့် ငြိမ်းချမ်းရေးကို မဖြစ်မနေဖော်ဆောင်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် လိုက်လျောမှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်သော်လည်း လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဒေသနှင့်နိုင်ငံတော်အကျိုးကိုသာဦးတည်၍ ဖြစ်နိုင်သည်များကိုသာ တောင်းဆိုသွားကြရန်လိုကြောင်း ​ပြောကြားသည်။

ထို့ပြင် အွန်လိုင်းလိမ်လည်လောင်းကစားမှုများတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတို့နှင့် ပတ်သက်၍လည်း မိမိတို့အနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ ထိထိရောက်ရောက် တိုက်ဖျက်ဆောင်ရွက်လျက်ရှိကြောင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သည့်နေရာများနှင့် ကျူးလွန်ရာတွင်ပါဝင်ပတ်သက်ခဲ့သူများအား ဖော်ထုတ်ရှင်းလင်းခြင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်နေ သည့် နေရာများအား ဖော်ထုတ်ရှင်းလင်းခြင်းများကို မိမိတို့အနေဖြင့် အင်ပြည့်အားပြည့်ဖြင့် ထိရောက်ပြင်းထန်စွာ ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိသည့်နေရာများကိုလည်း ဆက်လက်ဖော်ထုတ်အရေးယူ ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအတွင်းအွန်လိုင်းလိမ်လည် လောင်းကစားမှုများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချမှုများမရှိစေရေးအားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း၊ လက်ရှိအချိန်အထိဖော်ထုတ် ရှင်းလင်းရရှိမှုများနှင့် နိုင်ငံတော်တွင်ဖြစ်ပေါ်ခဲ့သည့် အွန်လိုင်းလိမ်လည်မှုနှင့် မူးယစ်ဆေးဝါးကိစ္စရပ်များကို သုံးသပ်ကြည့်မည်ဆိုပါက အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားနှင့် ဆက်လက်ရှင်သန်ရပ်တည်ရေးအတွက် အွန်လိုင်းလိမ်လည်မှုများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် တာဝန်ရှိသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများအနေဖြင့် မိမိတို့နယ်မြေအတွင်း ထိုသို့လုပ်ဆောင်နေမှုများမရှိအောင် ဆောင်ရွက်သွားရန်လိုကြောင်း ယာယီသမ္မတက ​ပြောကြားသည်။

ထို့အတူ တရားမဝင်ကုန်သွယ်မှုများနှင့်ပတ်သက်၍ ထိန်းသိမ်းဆောင်ရွက်ရန်တာဝန်ရှိသူများအနေဖြင့် စနစ်တကျကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ တရားမဝင်ကုန်သွယ်မှုများကိုနည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်နေသည့် အကျင့်ဆိုးကို တိုက်ဖျက်ရန်လိုကြောင်း၊ ၎င်းအကျင့်ဆိုးသည် ကုန်ဈေးနှုန်းကြီးမြင့် မှုများနှင့် အဂတိလိုက်စားမှုများကိုဖြစ်ပေါ်စေနိုင်မည်ဖြစ်သကဲ့သို့ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့များ အတွက်လည်း ဝင်ငွေများရရှိနေမည်ဖြစ်ကာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက်လည်း ထိခိုက်စေနိုင်ကြောင်း၊ သို့ဖြစ်၍ တရားမဝင်ကုန်စည်စီးဆင်းမှုများသည် နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် နည်းလမ်းမျိုးစုံဖြင့် ထိခိုက်နစ်နာစေနိုင်သောကြောင့် အားလုံးကဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ရန် မှာကြားလိုကြောင်း ​ယာယီသမ္မတက ဆိုသည်။

ပညာရေးနှင့်ပတ်သက်၍ ကျောင်းမနေနိုင်သည့်အရွယ်များကို ကျောင်းပြင်ပ ပညာရေးဖြင့် ဆောင်ရွက်ပေး လျက်ရှိပြီး စာကြည့်တိုက်များတိုးချဲ့ဖွင့်လှစ်ခြင်းကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့်သူများအနေဖြင့် အဆိုပါစာကြည့်တိုက်များ၊ စာအုပ်စာပေများ၊ ဆောင်းပါးများမှတဆင့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းများအတွက် အသိပညာဗဟုသုတများရရှိစေနိုင်မည်ဖြစ်ကြောင်း၊ စာပေဗဟုသုတများ၊ ဆောင်းပါးများကို ရေးသားဖော်ပြရာတွင်လည်း အများပြည်သူများ လက်လှမ်းမီစွာဖြင့်လွယ်ကူ ရှင်းလင်းစွာ သိမြင်နိုင်မည့်အသုံးအနှုန်းများဖြင့် ရေးသားဖော်ပြကြရန်လိုကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ နိုင်ငံတော်ကို တည်ဆောက်ရာတွင် ပညာရေးသည် မရှိမဖြစ်လိုအပ်သည့် အခြေခံအုတ်မြစ်တစ်ခု ဖြစ်ပြီး ပိုမိုကောင်းမွန် ခိုင်မာသည့် လူနေမှုစနစ်ကို ပညာရေးဖြင့် ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပညာရေး အဆင့်မြှင့်တင်မှုများကို ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများ၏ သွင်ပြင်လက္ခဏာများ ကောင်းမွန်စေရေး၊ စာကြည့်တိုက်များ၊ သုတေသနဌာနများ၊ အားကစားခန်းမများအပြင် အခြားသော အခြေခံအဆောက်အဦများ၊ သင်ကြားမှုသင်ယူမှုအထောက်အကူ ပြုပစ္စည်းများ ပြည့်စုံကောင်းမွန် စေရေးတို့ကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်မှဖြည့်ဆည်းပေးလျက်ရှိသကဲ့သို့ သက်ဆိုင်ရာတက္ကသိုလ်၊ ကောလိပ်များနှင့် ကျောင်းများအလိုက်မှလည်း စနစ်တကျဖြင့်ထိန်းသိမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊ ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သည့်အတွက် နည်းပညာနှင့် ကွန်ပျူတာ တက္ကသိုလ်များ၏ အရည်အသွေးကို မြှင့်တင်ပေးခဲ့ကြောင်း၊ အထူးသဖြင့် နေပြည်တော်တွင် Napyitaw State Academy & Napyitaw State Polytechnic University တို့ကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ​လေးခု၌လည်း Polytechnic University များကို ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း၊ ဆက်လက်၍လည်း တိုးချဲ့ဖွင့်လှစ်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း ​ယာယီသမ္မတက ​ပြောကြားသည်။

နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် လွတ်လပ်ပြီးတက်ကြွသော ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးပြီး နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေး၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူ (၅) ချက်နှင့်အညီ စောင့်ထိန်းလိုက်နာဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အစိုးရအနေဖြင့် တာဝန်ထမ်းဆောင်ချိန်များအတွင်း ထိုင်းနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံနှင့် ကာဇတ်စတန်နိုင်ငံများသို့ ခရီးစဉ်များသွားရောက်ခဲ့ပြီး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် မိမိတို့နိုင်ငံ၏အကျိုးစီးပွားများကို ပိုမိုမြှင့်တင်နိုင်ရေး အလေးထားဆောင်ရွက်ခဲ့ကြောင်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံတကာမှရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ လာရောက်လေ့လာခဲ့ကြပြီး လွတ်လပ်၍ တရားမျှတသည့်ရွေးကောက်ပွဲတစ်ရပ်ကို အောင်မြင်စွာကျင်းပနိုင်ခဲ့သည်ကို ၎င်းတို့တွေ့မြင်ခဲ့ ရကြောင်း၊ နိုင်ငံတကာဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ တရားစွဲဆိုမှုနှင့်ပတ်သက်၍လည်း နိုင်ငံတော်တာဝန်ယူခဲ့သည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် တရားရင်ဆိုင်မှုကာလအထိ တရားစီရင်မှုအဆင့်အားလုံးတွင် ပါဝင်ရင်ဆိုင်ခဲ့ပြီး ဥပဒေကြောင်းအရ ထိရောက်စွာဖြေရှင်း ဆောင်ရွက်နိုင်ခဲ့ကြောင်း ယာယီသမ္မတက ​ပြောကြားသည်။

မိမိတို့အစိုးရအဖွဲ့အနေဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့်အချိန်ကာလအတွင်း အခက်အခဲအကြပ်အတည်း ပေါင်းများစွာမှ ကြံ့ကြံ့ခံ၍ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက်လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်ခဲ့ချိန်ကာလများအတွင်း နိုင်ငံတော်အတွက် သစ္စာရှိစွာဖြင့် လက်တွဲလုပ်ဆောင်ခဲ့မှုများ အတွက် အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပြီး မိမိတို့၏တာဝန်ထမ်းဆောင်မှုများသည် နိုင်ငံတော်တွင် မှတ်ကျောက်တင်ခံခဲ့ကြမည်ဖြစ်ကြောင်း၊ နောင်လာမည့်အစိုးရအနေဖြင့် ယခုကဲ့သို့ အခက်အခဲများ ကြုံတွေ့ရမှုမရှိစေရေးအတွက် မိမိတို့တာဝန်ထမ်းဆောင်ခဲ့ရချိန်ကာလများအတွင်း ကြုံတွေ့ခဲ့ရသည့် အခက်အခဲများနှင့်အတွေ့အကြုံများကို ပြည့်ပြည့်စုံစုံဖြင့် ရေးသားဖော်ပြ၍ စနစ်တကျ လွှဲပြောင်းပေးရန် လိုကြောင်းနှင့် ကောင်းမွန်သည့်လုပ်ဆောင်မှုများကို လက်ဆင့်ကမ်းပေးခဲ့ကြရမည်ဖြစ်ကြောင်း ယာယီသမ္မတက ​ပြောကြားသည်။

Most Read

Most Recent