လွန်ခဲ့သော (၁၁) နှစ်အတွင်း လေပြင်းတိုက်ခတ်မှုများကြောင့် နေအိမ်စုစုပေါင်း ၂၅၄၁၀၀ ကျော် ပျက်စီးခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် နေအိမ်ပျက်စီးမှုအများဆုံးနှစ်ဖြစ်ခဲ့

လွန်ခဲ့သော (၁၁) နှစ်အတွင်း လေပြင်းတိုက်ခတ်မှုများကြောင့် နေအိမ်စုစုပေါင်း ၂၅၄၁၀၀ ကျော် ပျက်စီးခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် နေအိမ်ပျက်စီးမှုအများဆုံးနှစ်ဖြစ်ခဲ့
Published 9 March 2026

လွန်ခဲ့သော (၁၁) နှစ်အတွင်း လေပြင်းတိုက်ခတ်မှုများကြောင့် နေအိမ်စုစုပေါင်း ၂၅၄၁၀၀ ကျော် ပျက်စီးခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် နေအိမ်ပျက်စီးမှုအများဆုံးနှစ်ဖြစ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအရပ်ရပ်တွင် နွေဦးရာသီနှင့် နွေရာသီကာလများတွင် နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာရာမှ အပူပျံတက်တိမ်များ ဖြစ်ထွန်း၍ မွန်းလွဲ/ ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပြီး အဆိုပါမိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိကြောင်း၊ အဆိုပါရာသီဥတုဖြစ်စဉ်များနှင့် စပ်လျဉ်း၍ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။

လွန်ခဲ့သော (၁၁) နှစ်တာကာလအတွင်း လေပြင်းတိုက်ခတ်မှုများကြောင့် စုစုပေါင်းနေအိမ် ၂၅၄၁၀၀ ကျော် ပျက်စီးခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပျက်စီးမှုအများဆုံးဖြစ်ခဲ့ပြီး လူသေဆုံးမှု ထိခိုက်၊ ဒဏ်ရာရရှိမှုများလည်း ရှိခဲ့ကြောင်း သိရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် လေပြင်းတိုက်ခတ်ပါက အမိုးလန်ခြင်း၊ ယိုင်လဲပျက်စီးခြင်းများ ဖြစ်ပေါ်နိုင်သော ခိုင်ခံ့မှုအားနည်းသည့် နေအိမ်များကို ဦးစားပေးရွေးချယ်ကာ လေပြင်းဒဏ်ပိုမိုခံနိုင်ရည်ရှိသော အိုးအိမ်များဖြစ်စေရေး အားဖြည့်၊ မွမ်းမံ၊ ပြင်ဆင်ခြင်းကို ဒေသအလိုက် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဒေသခံ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အထိ(၈)နှစ်တာကာလအတွင်း နေအိမ်ပေါင်း ၈၆၀၀၀ ကျော်ကို လေပြင်းဒဏ်ခံနိုင်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာပံ့ပိုးမှုများ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ နှစ်စဉ်လေပြင်းဘေးကျရောက်နိုင်သော ဆောင်းအကုန် နွေအကူးကာလမှစ၍ မုတ်သုံမတိုင်မီကာလတွင် နေအိမ်များ လေပြင်း ဒဏ်ခံနိုင်ရန် ကြိုတင်ပြင်ဆင်ခြင်းနှင့် လေပြင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပုံစာ- ဖေဖော်ဝါရီ ၂၁ ရက်က နေပြည်တော်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ အမိုးလန်နေသည်ကို တွေ့ရစဉ်။

Most Read

Most Recent