■ စုံ/မ ကားကြေညာချက်အကြောင်းပြုပြီး EV တင်သွင်းရောင်းချသူများ နှစ်ရက်အတွင်း စျေးနှုန်း ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းခန့်အထိ စျေးတင်ရောင်း

■ စုံ/မ ကားကြေညာချက်အကြောင်းပြုပြီး EV တင်သွင်းရောင်းချသူများ နှစ်ရက်အတွင်း စျေးနှုန်း ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းခန့်အထိ စျေးတင်ရောင်း
Published 5 March 2026

ဘယ်သူသေသေ ငတေမာပြီးရော ဆိုသလိုဖြစ်နေပြီး ဆီ၊ ရွှေ ကုန်သည်များကဲ့သို့ ခေါ်ယူစစ်ဆေး မေးမြန်းကာ ထိထိရောက်ရောက် အရေးယူသင့်

မတ် ၃ ရက်ညပိုင်းတွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တစ်ခုမှာ မြန်မာနိုင်ငံတွင် မော်တော်ယာဉ် လက်ဝယ်ရှိသူများအတွက် အခက်အခဲများဖြစ်ပေါ်စေခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။

ကြေညာချက်မှာ မော်တော်ယာဉ်စီးနင်းမှုနှင့် ပတ်သက်ပြီး စုံ/မ ဂဏန်းပေါ်မူတည်ပြီး အသုံးပြုရမည်ဆိုသည့် ကြေညာချက်ဖြစ်သည်။

မတ် ၃ ရက်ညပိုင်းတွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တစ်ခုမှာ မြန်မာနိုင်ငံတွင် မော်တော်ယာဉ်လက်ဝယ် ရှိသူများအတွက် အခက်အခဲများ ဖြစ်ပေါ်စေခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

ကြေညာချက်မှာ မော်တော်ယာဉ်စီးနင်းမှုနှင့်ပတ်သက်ပြီး စုံ/မ ဂဏန်းပေါ်မူတည်ပြီး အသုံးပြုရမည်ဆိုသည့် ကြေညာချက် ဖြစ်သည်။

ယင်းကြေညာချက်တွင် စက်သုံးဆီအသုံးပြုသည့် မော်တော်ယာဉ်များမှာ စုံ/မ ရက်အလိုက် အသုံးပြုရမည်ဖြစ်ပြီး EV မော်တော်ယာဉ်များမှာ နေ့စဉ်သုံးစွဲနိုင်သည်ဆိုသည့် အချက်ဖြစ်သည်။

ထို့ပြင့် ကမ္ဘာ့နိုင်ငံရေးများကြောင့် စက်သုံးဆီသုံးစွဲရမည် အခြေအနေအပေါ် စိုးရိမ်မှုများရှိလာခဲ့ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အစရှိသည့် မြို့ကြီးများတွင်လည်း စက်သုံးဆီတန်းစီ ဝယ်ယူခြင်းများ ပေါ်ပေါက်လာခဲ့သည်။

အခြားတဖက်တွင်လည်း ငွေကြေးတတ်နိုင်သူများက EV မော်တော်ယာဉ်များကို သုံးစွဲရန် ဝယ်ယူလာခဲ့သဖြင့် EV မော်တော်ယာဉ် စျေးကွက်တွင် အရောင်းအဝယ်များ နေ့ချင်းညချင်း မြင့်တက်လာခဲ့သည်။

ကြေညာချက် နောက်ဆက်တွဲ ဘာတွေဖြစ်လဲ ကြေညာချက်များထုတ်ပြန်ပြီးသည့် နောက်တွင် ဒီဇယ်၊ ဓာတ်ဆီမော်တော်ယာဉ် ပိုင်ဆိုင်သူများအနေဖြင့် စက်သုံးဆီပြတ်မည်ကို စိုးရိမ်ကာ စက်သုံးဆီဆိုင်များတွင် တန်းစီစောင့်ဆိုင်းကာ ဝယ်ယူခြင်းများရှိသကဲ့သို့ မိမိတွင်ရှိသည့် မော်တော်ယာဉ်များကို ရောင်းချကာ EV ယာဉ်များကို ဝယ်ယူလာခဲ့ကြသည်။

ထုတ်ပြန်ချက်ထွက်ပေါ်လာအပြီး နောက်တစ်ရက်ဖြစ်သည့် မတ် ၄ ရက်တွင် EV မော်တော်ယာဉ် လောကအတွင်း မကြုံစဖူးရောင်းအားကောင်းခဲ့သည်ဟု ဆိုနိုင်သည်။

“EV တွေက ကားဝယ်ရောင်းတွေလက်ထဲမှာ မရှိဘူး။ Showroom တွေမှာပဲရှိတာ။ တော်တော်များများက လာမေးကြတော့သိတဲ့ Showroom တွေကို ညွှန်ပေးရတယ်။ တော်တော်များများ မေးကြတယ်။ အရောင်းအဝယ်လည်း တော်တော်ဖြစ်ကြတယ်” ဟု မော်တော်ယာဉ်ရောင်းဝယ်သူတစ်ဦးက ပြောကြားသည်။

ဝယ်ယူသူများအနေဖြင့်လည်း မိမိ၏ မော်တော်ယာဉ်ကို ရက်အကန့်အသတ်ဖြင့် သာစီးနင်းခွင့်ရတော့မည့် အခြေအနေကြောင့် EV ယာဉ်များကို Showroom များတွင် လိုက်လံရှာဖွေကာ ဝယ်ယူရသည့် အခြေအနေကို ရောက်ရှိခဲ့ပြီး ဝယ်လိုအားမှာလည်း အဆမတန်မြင့်တက်လာခဲ့သည်ဟု မော်တော်ယာဉ် လောကအတွင်းမှ သိရသည်။

ယခင်က ဖုန်သုတ်ကာ ဝယ်သူကို မျှော်ခဲ့ရသည့် EV မော်တော်ယာဉ်ရောင်းချသူများမှာ ထုတ်ပြန်ချက် ထွက်အပြီး နောက်ပိုင်းတွင် လက်မလည်အောင် ရောင်းချခဲ့ရပြီး အချို့မှာ တစ်ရက်တည်းမှာပင် အနည်းဆုံး ခုနစ်စီး၊ရှစ် စီးခန့်အထိ ရောင်းချခဲ့ရသည်ဟု EV ကား လောကအတွင်းမှ သိရသည်။

“EV ဆိုတာကို သိပ်လက်မခံကြသေးဘူး။ ဒီမှာက ဒါပေမဲ့ အမိန့်စာကြောင့် EV တွေကတော့ အမေးလည်း များသလို စျေးကွက်ထဲမှာလည်း အရောင်းအဝယ် တော်တော်ဖြစ် တယ်။ EV က ပိုက်ဆံတတ်နိုင်တဲ့သူတွေပဲ ဝယ်တာ။ အဲ့ဒီကောင်က စီးရတာအမြတ်ပဲရှိတယ်။ ပြန်ရောင်းရင်ရှုံးတယ်။ ဒါပေမဲ့ ညွှန်ကြားချက် ထွက်လာတော့ အရောင်းထိုင်းနေတဲ့ EV ကားတွေ အဝယ်တွေ လိုက်ကုန်တယ်” ဟု ၀ါရင့်ကားဝယ်ရောင်းတစ်ဦးက ပြောကြားသည်။

EV ကားစျေးနှုန်းများမှာလည်း ယခင်က ကျပ်သိန်း ၁၅၀၀ မှ ကျပ်သိန်း ၂၀၀၀ ကြားရှိသည့် ကားများမှာ ကျပ်သိန်းသုံးထောင်နှင့် အထက်သို့ စျေးနှုန်းဆွဲတင် ရောင်းချနေကြပြီး ဝယ်ယူသူများလည်း ရှိသည်ဟု စျေးကွက်အတွင်းမှ သိရသည်။

“ ဒီနေ့ စံချိန်တင် EV ကားတွေ ရောင်းချရတဲ့နေ့ပါ။ Showroom သမားတွေရော တပိုင်တနိုင်တွေရော ကိုယ့်လောကသားတွေ အရောင်းအဝယ် ဖြစ်ကြတဲ့အတွက် စိတ်ထဲပျော်ပါတယ်။ မုဒိတာ ပွားပါ တယ်။ တချို့ကား ပိုင်ရှင်တွေ မဟားဒယား စျေးတင်ရောင်းချကြသလို တချို့အရင်နေ့တွေက စရန်ယူပီးသား ဘဏ်ချိတ်တင်ပီးသား နုတ်ကတိနဲ့တည့်ပီးသား ကားတွေကိုလည်း စျေးမပြောင်းလဲပဲ Ethic ရှိစွာ ရောင်းချပေးတာ မြင်တွေ့နေရပါတယ်။ ကျနော်ဆိုလိုချင်တာ အခုမှလာပါပီ။ ဘယ် EVဘယ်စျေး အရင်းရှိတယ်ဆိုတာ ၀ါရင့်ကားသမား တော်တော်များများ သိကြပါတယ်။ ယခင် သိန်းထောင့်ငါးရာနဲ့နှစ်ထောင် ကြား တော်တော်ရောင်းယူရတဲ့ ကားတွေ ဒီနေ့ သိန်းသုံးထောင်နဲ့ သိန်းသုံးထောင်အပေါ် အရောင်းအဝယ် ဖြစ်နေကြတယ် တခြား EV တွေ လည်း ထိုနည်း၎င်းပါပဲ။ ကျနော်တို့ ကားဝယ်ရောင်းတွေ EV  တစီးကီလို သုံးသောင်းဝန်းကျင်ဆို အရောင်းအဝယ် မလုပ်ချင်ကြဘူး။ အဝယ်လက်ရှောင်တဲ့ ကားပေါ့ဗျာ။ ကားလောက အခေါ် ဟတ်ပီးဘတ်ဒေးကား(သ)ကျောင်းထိုင် ကိုယ်တော်ကြီးပေါ့။ အာ့ကားတွေကို လည်း အပြင်အဝယ်တွေ စျေးကြီးပေးဝယ်နေကြတာ တွေ့ရတယ်။ EV ကဆီကားလို မဟုတ်ပါဘူး။ မြန်မာပြည်စျေးကွက်အရ ဝယ်ပီးရင် ရှုံးပါတယ်။ ကီလိုများရင် များသလို အရှုံးကြီးပါတယ်။ ကားဘယ်လောက် ကောင်းကောင်းနော်။ စစ်ပွဲဆိုတာ ရေရှည်မဖြစ်နိုင်သလို တနေ့တနေ့ ကုန်ကျစရိတ် မသေးလှပါဘူး။သမိုင်းကိုလေ့လာကြည့် နိုင်ငံကြီးတွေတစ်ခု ခုလုပ်လိုက်တိုင်း နိုင်ငံငယ်လေးတွေမှာ အဖျားခတ်စမြဲပါ။ ခေတ်ပျက်သူဌေးတို့ တောကြောင်တို့ဟာ ခေတ်အဆက်ဆက် ရှိနေတာပါ။ အာ့လိုတွေထောက်ပြလို့လည်း ကျနော့်မှာ ဆီကားတွေအများကြီးလည်း မရှိပါဘူး။ ကျတော်တောင်မိန်းမကား ကပ်ပီးစီးနေတာ။ EV လည်းတစီးမှ မရှိပါဘူး။ဆီလည်း တန်းမစီသလို သမီးအငယ်ကိုတောင် ယုံကြည်စိတ်ချရတဲ့ တက္ကစီနဲ့ကျောင်းအကြိုအပို့ လုပ်နေတာပါ။ ကားလောက သားတော်တော်များများကလည်း ကျတော့်မိတ်ဆွေတွေ ညီအကိုတွေပါ။ ကိုယ့်ချွေးနည်းစာတွေကို အလဟသ ဆုံးရှုံးမခံကြပါနဲ့။ အခြေနေလေး တချက်စောင့်ကြည့်ပေးကြပါ။ အဝယ်အရမ်းမလောကြပါနဲ့” ဟု မော်တော်ယာဉ်ရောင်းဝယ်သူတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

EV ယာဉ်များအား ပြည်ပမှတင်သွင်းရာတွင် နိုင်ငံတော်မှ အခွန်ငွေကောက်ခံခြင်းမရှိဘဲ စက်သုံးဆီသုံးစွဲမှု လျှော့ချရေးနှင့် သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် ပြည်သူများကို စီးနင်းစေသည့်အခြေအနေတွင် အမိန့်ညွှန်ကြားချက်ကြောင့် အမြတ်တင်ရောင်းချနေသည့် လုပ်ငန်းရှင်များ၏ စီးပွားရေးကျင့်ဝတ်မှာလည်း မေးခွန်းထုတ်ရမည့် အနေအထားဖြစ်နေသည်။

“ ဆီတွေ၊ ဒေါ်လာတွေ၊ ရွှေတွေကို မတရားအရောင်းအဝယ် လုပ်တာတွေ၊ ငွေကြေးက စားတွေကို အစိုးရက ကြပ်မတ်ထိန်းကျောင်းနေသလိုပဲ EV ကားတင်သွင်း ရောင်းချခွင့်ရရှိသူတွေကိုလည်း စျေးကွက်အတွင်း အစိုးရ အနေနဲ့ ကြပ်မတ်ဖို့ လိုလိမ့်မယ်။ EV ကား တွေက အခု စုံ၊ မ ခွဲတဲ့ စနစ်မဖြစ်ခင်ကတည်းက ရွေးကောက် ပွဲပြီးလို့ အစိုးရပြောင်းမယ်။ အစိုးရသစ် ပြောင်းတော့မယ်။ မူဝါဒအသစ် ပြောင်းတော့မယ်ဆိုကတည်းက သူတို့တွေက Showroom တွေမှာ EV ကားတွေရှိရင်တောင်မှ ကားတွေမရှိတော့ဘူးဆိုပြီးတော့ စျေးတင်ဖို့ လုပ်ကြတဲ့အသံတွေကို ကြားရတယ်။ မူဝါဒတွေ ပြောင်းလို့ရှိရင် အခွန်တွေလာတော့မယ်ဆိုတော့ စျေးတက်မယ်။ ဒါကြောင့်ရှိတဲ့ ကားတွေကို မရောင်းဘဲနဲ့ စျေးတင်ဖို့ လုပ်ကြတာကို ကြားရတယ်။ အခုစုံ၊ မ ကိစ္စ၊ အရှေ့အလယ်ပိုင်းအရေးနဲ့ စက်သုံးဆီ ကိစ္စတွေ ဖြစ်တော့ စုံ၊ မရက်တွေခွဲပြီး စက်သုံးဆီသုံးတဲ့ ကားတွေ နေ့တိုင်းမောင်းဖို့ မဖြစ်နိုင်တော့တဲ့အချိန်မှာ EV ကားတွေဘက်ကို လူတွေက လှည့်လာတဲ့အချိန်မှာ EV ကားရှိ တဲ့သူတွေ၊  EV ကား Showroom သမားတွေ၊ EV ကားသွင်းခွင့်ရထားတဲ့ သူတွေက ဒီကနေပြီးတော့ အမြတ်ကြီးစားဖို့ မသင့်ဘူး။ အစိုးရအနေနဲ့ EV ကားတွေနဲ့ ပတ်သက်လို့ရှိရင် ပေါ်လစီတွေ အများကြီးလျှော့ပေါ့ ပေးထားတယ်။ အခွန်ဇီးရိုး လုပ်ပေးထားတယ်။ ဆိုတော့ ဒီလိုအခွင့်အရေးတွေ ရထားတဲ့လုပ်ငန်း တစ်ခုအနေနဲ့ အများပြည်သူကို ကြည့်သင့်တယ်။ အခုလို အများပြည်သူ ဒုက္ခရောက်နေတဲ့အချိန်မှာ ၃၀ ရာခိုင်နှုန်း၊ တချို့ဆိုရင် မတော်မတရားတင်ပြီးတော့ ရောင်းဖို့ လုပ်တာတွေ၊ ပစ္စည်းမရှိဘူးဆိုပြီးတော့ စျေးကွက်ကို ကစားဖို့ လုပ်တာတွေ၊ စျေးမကောက်က မဖြစ်စေနိုင်တဲ့ EV ကားတွေနဲ့ ပတ်သက်တဲ့ ဒီလိုကိစ္စတွေကို ထိန်းကျောင်းပေးသင့်တယ်” ဟု ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံတွင် EV မော်တော်ယာဉ်များ တင်သွင်းခွင့်ပြုသည့်အချိန်မှစပြီး ပထမဆုံး တင်သွင်းခွင့် ရရှိသည့် ကုမ္ပဏီ ကိုးခုရှိပြီး လက်ရှိတွင် EV ကုမ္ပဏီပေါင်း ၈၀ နီးပါးခန့် ရှိလာခဲ့သည်။ ယင်းတို့အနက်မှ အမှန်တကယ် တင်သွင်းသည့် ကုမ္ပဏီမှာ တစ်ဝက်နီးပါးခန့်သာ ရှိသည်။

EV တင်သွင်းခွင့်ရသည့် ကုမ္ပဏီများအနေဖြင့် တစ်နှစ်လျှင်အစီးရေ  ၅၀၀ တင်သွင်းခွင့်ရရှိကြောင်း သိရသည်။

မြန်မာ့ EV မော်တော်ယာဉ်စျေးကွက်အတွင်း နေရာယူထားသည့် EV အမှတ်တံဆိပ်များမှာ BYD၊ TOYOTA၊ HONDA၊ MG4၊ Nissan၊ Dongfeng ၊ NETA၊ Hongqi ၊ BAIC အစရှိသည့် အမှတ်တံဆိပ်များဖြစ်ပြီး EV မော်တော်ယာဉ် အမှတ်တံဆိပ်အများစုမှာ တရုတ်နိုင်ငံမှ တင်သွင်းလာခြင်းလည်း ဖြစ်သည်။

၂၀၂၅ ခုနှစ် ပထမသုံးလပတ် စာရင်းများအရ မြန်မာနိုင်ငံတွင် EVမော်တော်ယာဉ်အစီးရေ ၉၀၀၀ ကျော်ရှိသည်ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရပြီး လက်ရှိအချိန်တွင်မူ ပြည်တွင်း EV မော်တော်ယာဉ်အစီးရေမှာ နှစ်သောင်းကျော်ခန့် ရှိနေနိုင်သည်ဟု ခန့်မှန်း ရသည်။

ပြည်တွင်းလူကြိုက်အများဆုံးနှင့် EV ကားစျေးကွက်ဝေစုတွင် နေရာတစ်ခုတွင်ရှိနေသည့် Toyota BZ4X မှာ ဇီးရိုးကီလိုဖြစ်ပါက ကျပ်သိန်း ၂၀၀၀ အောက်တွင်သာရှိခဲ့ သော်လည်း အမိန့်စာထုတ်ပြန်အပြီးနောက်ပိုင်းတွင် အသုံးပြုပြီးသားဖြစ်ပါက ကျပ်သိန်း သုံးထောင်နီးပါးအထိ မြင့်တက်လာခဲ့သည်ဟု စျေးကွက်အတွင်းမှ သိရသည်။

အလားတူ အခြား EV အမှတ်တံဆိပ်များမှာလည်း ယခင်စျေးထက် ၃၀ ရာခိုင်နှုန်း မှ ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့သည်။

အစိုးရမှ EV မော်တော်ယာဉ်များ စီးနင်းအသုံးပြုမှုများလာစေရန် အခွန်ကောက်ခံခြင်းမရှိဘဲ တင်သွင်းခွင့်ပေး နေသည့်အချိန်တွင် တင်သွင်းခွင့်ရသူအချို့၏ မတန်တဆအမြတ်တင် ရောင်းချမှုများကို ကြပ်မတ်ထိန်းကျောင်း သင့်သည်ဆိုသည့် ထောက်ပြမှုများလည်းရှိ နေသည်။

“ဒီလိုစုံ၊ မကားသုံးရမယ်ဆိုတဲ့ ထုတ်ပြန်ချက်ကြောင့် EV ကားတွေက စျေးတက်သွားတယ်။ ဒီထုတ်ပြန်ချက်ကို ထုတ်ပြန်ဖို့ အကြံပေးသူတွေက EV ကားတွေ စျေးတက်အောင် အကြံပေးသလို ဖြစ်နေတယ်ဆိုပြီးတော့ ဝေ ဖန်မှုတွေလည်းရှိတယ်။ ဒါပေမဲ့လည်း တကယ်လည်း အရှေ့အလယ်ပိုင်းအရေးနဲ့ ပတ်သက်ပြီးတော့ ဆီပြဿနာက နိုင်ငံတကာလည်း ဖြစ်နေကြတယ်။ ဒီဟာကလည်း ထည့်စဉ်းစားရမှာ ဖြစ်တယ်။ စက်သုံးဆီ ပြတ်လပ်မှုကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ အစိုးရတာဝန်ရှိသူတွေအနေနဲ့ စီမံခန့်ခွဲဆောင်ရွက်ဖို့ လိုတာ မှန်တယ်။ ဒါပေမဲ့ EV ကားတွေ စျေးတက်သွားတယ်။ ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်း စျေးတက်သွား တာကတော့ မဖြစ်သင့်ဘူး။ ဒီထုတ်ပြန်ညွှန်ကြားချက်၊ ဒီပြဿနာတွေက ၆ လအထိဖြစ်နေမှာလား။ ၁ နှစ်အထိ ဖြစ်နေမှာလား မသိသေးဘူး။ ဒီလိုအခြေအနေမျိုးမှာ EV တွေကပဲ တောက်လျှောက်မောင်း လို့ရမယ်ဆိုတာကလည်း မဖြစ်သင့်ဘူး။ အခုလို အခြေအနေမျိုးမှာ EV ကားတင်သွင်းခွင့် ပါမစ်ကို အစိုးရက ချပေးတာဖြစ်လို့ EV ကား တင်သွင်းခွင့် ရရှိသူတွေကို အစိုးရက ကြပ်မတ်သင့်တယ်” ဟု ပြည်တွင်းစီးပွား ရေးလုပ်ငန်းရှင်တစ်ဦးက အကြံပြုသည်။

EV မော်တော်ယာဉ်များ တင်သွင်းခွင့်ရသူများမှာ အဓိကအချက်အနေဖြင့် အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းနေခြင်းဖြစ်ပြီး သုံးစွဲသူများအနေဖြင့်လည်း လမ်းကြေးများပေးဆောင်ရမည့် အခြေအနေများမှ ကင်းလွတ်ခွင့်ပြုထားရာ ယင်းသို့အခွင့်အရေးများ ရရှိနေသည့်အချိန်တွင် သုံးစွဲသူများကို စျေးနှုန်းသက်သာစေ မည့်အခြေအနေတစ်ခု ဖြစ်သင့်သည်ဟု အကြံပြုမှုများလည်း ရှိနေသည်။

“ EV ကားတွေအတွက် အစိုးရက အခွင့်အရေးမျိုးစုံ ပေးထားတယ်။ ဒါကို စျေးတက်တယ်ဆိုရင် အစိုးရက ထိန်းကျောင်းရမယ်။ ဆီကုန်သည်တွေကို အရေးယူသလိုပဲ EV ကားတင်သွင်းခွင့် ရရှိတဲ့သူတွေကို မလျော်မ ကန် လုပ်ထားတာတွေရှိရင် အရေးယူသင့်တယ်။ အစိုးရအနေနဲ့ ဆီတင်သွင်းတဲ့ သူတွေကို စုံစမ်းစစ် ဆေးမေးမြန်းသလို EV ကားပိုင်ရှင်တွေ၊ EV ကား Showroom ပိုင်ရှင်တွေကိုလည်း အရေးယူသင့်တယ်။ သူတို့ ကို ဆီကုန်သည်တွေလို၊ ဆီအသင်းဥက္ကဋ္ဌတို့ကို အရေးယူသလိုပဲ စစ်ဆေးမေးမြန်းပြီး မလျော်မကန် လုပ်ထား တာတွေရှိရင် အရေးယူသင့်တယ်။ ဒါက ဘယ်သူသေသေ ငတေမာရင်ပြီးရော လုပ်ရပ်ဖြစ်တယ်။ ဒီလိုအားလုံး ဒုက္ခခံစားနေရတဲ့အချိန်မှာ ဆီပြဿနာကြောင့် EV ကားတွေ ရောင်းရပြီဆိုပြီး စျေးတင်ရောင်းတဲ့သူတွေကို ပြန်ကြီးကြပ်ပြီးတော့ စျေးတင်ရောင်းတဲ့သူတွေကို ဆီကုန်သည်တွေလို အရေးယူဖို့ လိုမယ်။အစိုးရက ပါမစ်ချပေးထားတာ ဖြစ်တဲ့အတွက် အစိုးရအနေနဲ့ ဆီကိစ္စလိုပဲ အရေးယူသင့်တယ်။ ရွှေတွေလိုပဲ စျေးတက် သွားတယ်။ လာမေးရင် မရှိဘူး။လက်သိပ်ထိုး ရောင်းနေကြတယ်။ ဆီပြဿနာတက်နေချိန် တစ်ကမ္ဘာလုံး ရိုက်ခတ်ချိန်မှာ ဆီကိုလျှော့ချင်လို့ EV ကားကို သုံးလို့ရတယ်လို့ ထုတ်ပြန်တယ်။ အဲ့ဒီအချိန်မှာ EV ကားစျေးကို မတန်မဆတင်တယ်” ဟု ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ထောက်ပြသည်။

Most Read

Most Recent