အိန္ဒိယအစိုးရ၏ အကူအညီဖြင့် တည်ဆောက်ခဲ့သည့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ စာဆိုဗိမာန် အဆောက်အဦဖွင့်ပွဲ အခမ်းအနားကို ယနေ့(မတ် ၄ ရက်)နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဗိုလ်မင်းခေါင်လမ်းရှိ စာဆိုဗိမာန်အဆောက်အဦတွင် ကျင်းပခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစော ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် စာဆိုဗိမာန်တည်ဆောက်ရေးအတွက် အိန္ဒိယနိုင်ငံအစိုးရက ဒေါ်လာ ၃ ဒသမ ၇ သန်းကျော် အကူအညီပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စာဆိုဗိမာန်ဖွင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး၊ အနုပညာနယ်ပယ် အသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးမောင်မောင်အုန်း၊ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့က စာဆိုဗိမာန် RC သုံးထပ် အဆောက်အဦီကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အိန္ဒိယနိုင်ငံ သံအမတ်ကြီးတို့က စာဆိုဗိမာန်အဆောက်အဦီ ကမ္ဗည်းမော်ကွန်းကျောက်တိုင်အား စက်ခလုတ်နှိပ် ဖွင့် လှစ်ပေးပြီး ဂုဏ်ပြုအထိမ်းအမှတ် ကံ့ကော်ပင်ကို စိုက်ပျိုးပေးကြကာ စာဆို ဗိမာန်အဆောက်အဦ ကမ္ဗည်းမော်ကွန်းကြေးပြားအား နံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။
ထို့နောက် စာဆိုဗိမာန်အဆောက်အဦ ဒုတိယထပ်ရှိ Theatre ခန်းမ၌ နိုင်ငံတော်ဝန်ကြီးချုပ်က စာဆိုဗိမာန်အဆောက်အဦသစ်ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားရာတွင် ယနေ့တွင် စာပေနှင့်အနုပညာ ရှင်များအတွက် စာဆိုဗိမာန်ကြီးကို ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းသည် နိုင်ငံနှင့်လူမျိုးအတွက် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်ဝစေပါကြောင်း၊ မိမိတို့နိုင်ငံသည် သရေခေတ္တရာ၊ ပျူ၊ ယဉ်ကျေးမှုမှစ၍ ခေတ်အဆက်ဆက်တိုင် စာပေနှင့် ယဉ်ကျေး မှု ထွန်းကားပြန့်ပွားရာ ဘူမိနက်သန်တစ်ခု ဖြစ်ခဲ့ကြောင်း၊ စာပေသည် နိုင်ငံ့ယဉ် ကျေးမှု၏ မျက်နှာစာဖြစ်ပြီး စာပေကဏ္ဍဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံသူ နိုင်ငံသား များ၏ နှလုံးရည်နှင့် ဉာဏ်ရည်များ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အတွက် လူ ငယ်၊လူရွယ်များ အသိဉာဏ်ပြည့်ဝစေရန်နှင့် တိုင်းချစ်ပြည်ချစ်စိတ်ဓာတ် ထက်သန် စေရန် စာပေနှင့်ထိန်းကျောင်း လေ့ကျင့်ပေးကြရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ဓလေ့ထုံးတမ်းအစဉ်အလာများ၊ ရိုးရာအမွေအနှစ်များ နှင့် အတွေးအမြင်များကို ရေးသားမှတ်တမ်းပြုကြသည့် ရဟန်းစာဆို၊ လူပညာရှိတို့၏ ကျေးဇူးတရားကိုလည်း ချန်လှပ်ထား၍ မရနိုင်ပါကြောင်း၊ထို့ကြောင့် ယနေ့ဖွင့်လှစ်သည့် စာဆိုဗိမာန်အဆောက်အဦတွင် ၎င်းတို့၏ ဂုဏ်ကျေးဇူးကို တန်ဖိုးထား အသိအမှတ်ပြုသည့်အနေဖြင့်သာမက မျိုးဆက်သစ်များအတွက်လက်ဆင့်ကမ်း မျှဝေနိုင်စေရန် စာပေနှင့် အနုပညာများ စုစည်းထားရှိရာ နေရာ တစ်ခုအဖြစ် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည့်အပြင် စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်စသည့် မြန်မာမှုနယ်ပယ်မှ အနုပညာရှင်များအတွက်ပါ ဂုဏ်ပြု ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ထိုသို့ ဖွင့်လှစ်နိုင်ရန် နိုင်ငံတော်အကြီးအကဲကိုယ်တိုင် တက်ရောက်ခဲ့၍ ရတနာ ပန္နက်တော်စိုက်ထူပေးခဲ့ပြီး ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သည့် မိတ်ဆွေအိန္ဒိယနိုင်ငံ အစိုးရကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့ပြင် နိုင်ငံတော်အစိုးရအနေဖြင့် စာပေပညာရှင်ကြီးများ၊ စာဆိုတော်ကြီးများ၏ စာပေဂုဏ်ကျေးဇူးကို လေးမြတ် ဂုဏ်ပြုသည့်အနေဖြင့် စာပေဆုအမျိုးအစားများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်း ခေတ်ကာလနှင့်လျော်ညီစွာ ထိုက်ထိုက်တန်တန် တိုးမြှင့်ချီးမြှင့်ပေးလျက်ရှိကြောင်း၊ ယနေ့ဖွင့်လှစ်သည့် စာဆိုဗိမာန်ကြီးတွင် ခေတ်အဆက်ဆက် မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်လာခဲ့သည့် အထောက်အထားများ၊ နိုင်ငံတော်မှ ချီးမြှင့်ခဲ့သည့် စာပေ ဆုအမျိုးအစားများနှင့် ဆုတံဆိပ်များ၊ ဆုရစာအုပ်များ၊ စာပေပညာရှင်ကြီး များ၏ မှတ်တမ်းများ၊ အနုပညာနယ်ပယ်များအလိုက် ပြခန်း၊ ပြကွက်များ၊ စာပေဟောပြောပွဲများနှင့် နှီးနှောဖလှယ်ပွဲများ ကျင်းပနိုင်မည့် (Mini Theatre)ခန်းမငယ် တို့ ထည့်သွင်းထားသည့်အတွက် စာပေအနုပညာလုပ်ငန်းများကို ကျယ်ကျယ်ပြန့် ပြန့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း နှင့် မြန်မာမှု အနုသုခုမလက်ရာများ ဖွံ့ဖြိုးတိုး တက်ရေး ကြိုးပမ်းဆောင်ရွက်နေကြသည့် ရဟန်းကဝိ၊ လူပညာရှိနှင့် အနုပညာရှင် များအနေဖြင့် သက်ဆိုင်ရာအခန်းကဏ္ဍများအလိုက် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး ကိုအနုသုခုမလက်ရာများဖြင့်ဆက်လက်အကျိုးပြုပေးကြစေလိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
ထို့အတူ အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး၏ စာဆိုဗိမာန် အဆောက်အဦ တည်ဆောက်နိုင်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ ဝမ်းမြောက်ဂုဏ်ပြုအမှာစကား Video Clip ကိုပြသပြီး အိန္ဒိယနိုင်ငံသံအမတ်ကြီးက အဆောက်အဦ တည်ဆောက်ရာတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ရခြင်းအတွက် ဂုဏ်ပြုစကားပြောကြားသည်။
ယင်းနောက် အဆောက်အဦဖွင့်ပွဲအခမ်းအနား အထိမ်းအမှတ် ဂုဏ်ပြုလက်ဆောင်များကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အိန္ဒိယနိုင်ငံသံအမတ်ကြီးထံသို့လည်းကောင်း၊ အိန္ဒိယနိုင်ငံသံအမတ်ကြီးက နိုင်ငံတော်ဝန်ကြီးချုပ်ထံသို့ လည်းကောင်း အသီးသီးပေးအပ်ပြီး အမျိုးသားစာပေတစ်သက်တာဆုရ ဆရာကြီးဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) က စာဆို ဗိမာန်အဆောက်အဦ ဖွင့်လှစ်ပေးခြင်းအတွက် ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများသည် အိန္ဒိယနိုင်ငံမှ ယဉ်ကျေးမှုအဖွဲ့နှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနု ပညာဦးစီးဌာနတို့မှ အကအဖွဲ့တို့၏ ဂုဏ်ပြုကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြကာ စာပေဗိမာန် ပြည်သူ့ စာကြည့်တိုက် ပြောင်းရွှေ့ဖွင့်လှစ်ထားရှိမှု အခြေအနေတို့ကို ကြည့်ရှုအားပေးခဲ့ကြ ကြောင်း သိရသည်။
Photo. MOI၊ India Embassy















