ပါချုပ်ဆရာတော်ကြီး တည်ထောင်ထားသည့် ပညာဘူမိတက္ကသိုလ်မှ အမြင့်ဆုံးဘွဲ့ဖြစ်သည့် D.Litt ဘွဲ့အား ဆရာတော်ငါးပါးကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၆ ရက်က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်တွင်ပြုလုပ်သည့် ဘွဲ့အပ်နှင်းသည့်အခမ်းအနားသို့ ပါမောက္ခချုပ် ဆရာတော်ကြီးကိုယ်တိုင် ကြွရောက်ခဲ့ကြောင်း သိရသည်။
ပါဠိစာပေပညာရှင် ပါဠိသတ္ထဝိဘာဝီ Doctor of Literature (D.Litt) ဘွဲ့ ချီးမြှင့်ခြင်းခံရသည့် ဆရာတော်များမှာ စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်းမြို့ရှိ မဟာဂန္ဓာရုံကျောင်းတိုက်မှဆရာတော် ဘဒ္ဒန္တဝိဇ္ဇာနန္ဒာဘိဝံသ၊ ရန်ကုန်မြို့ စိန်ရတနာ ဓမ္မာစရိယစာသင်တိုက်မှ ဆရာတော် ဘဒ္ဒန္တသာသနဝရ၊ လှည်းကူးမြို့ ဓမ္မာဓိပတိဓမ္မရိပ်သာမှ ဘဒ္ဒန္တ အာဒိစ္စဝံသာလင်္ကာရ၊ဝက်လက်မြို့နယ် ရှိမ္မကားရွာ ဓမ္မပါရဂူကျောင်းမှ ဘဒ္ဒန္တသိရိန္ဒ၊ စစ်ကိုင်းမြို့ မင်းဝံတောင်ရိုး မဟာမင်းထင်ကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တပညာနန္ဒာလင်္ကာရ တို့ဖြစ်သည်။
ဘွဲ့ချီးမြှင့်ခံရသည့်ဆရာတော်များ ပြင်ဆင်သုတ်သင်တည်းဖြတ်ခဲ့ပြီး တက္ကသိုလ်သို့ တင်သွင်းခဲ့သည့် ကျမ်းစာများမှာ နှစ်ပေါင်း ၁၀၀ ကျော်မှ နှစ်ပေါင်း ၄၄၈ နှစ် အကြားရှိ ကျမ်းစာများပင်ပါဝင်သည်ဟု သိရသည်။
ပေ၊ ပုရပိုက်များ၌သာရှိသော ပါဠိကျမ်းစာများနှင့် နှစ်ပေါင်းများစွာ တည်းဖြတ်ခြင်းမရှိ၍ အရေးအသားချွတ်ချော် တိမ်းပါးလျက်ရှိသော ပါဠိကျမ်းအိပ်များကို ပြင်ဆင်တည်းဖြတ်၍ ပညာဘူမိတက္ကသိုလ်
Academic Board အဖွဲ့သို့ တင်သွင်းသူအား စိစစ်ရွေးချယ်၍ ပါဠိသတ္ထဝိဘာဝီ( ပါဠိစာပေပညာရှင် ) Doctor of literature (D.Litt) ဘွဲ့အပ်နှင်းမည့် (မူဝါဒ) နှင့်အညီ အပ်နှင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။















