ကိုမိုအသင်းဟာ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ကိုပါအီတာလီယာ ကွာတားဖိုင်နယ်မှာ နာပိုလီအသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တာကြောင့် ကိုပါအီတာလီယာပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ကို နှစ်ပေါင်း(၄၀)အတွင်း ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ကြောင်း သိရပါတယ်။
နာပိုလီကွင်းမှာ ယှဉ်ပြိုင်ရတဲ့ပွဲမှာ ပုံမှန်ပွဲချိန်အတွင်း (၁-၁)ဂိုးနဲ့ သရေကျနေခဲ့တာကြောင့် ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာမှာ ကိုမိုအသင်းက (၇-၆)ဂိုးနဲ့ အနိုင်ရခဲ့တာပါ။
ကိုမိုအသင်းဟာ ကိုပါအီတာလီယာပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ကို ၁၉၈၆ ခုနှစ်က တစ်ကြိမ်သာ ရောက်ရှိဖူးတာကြောင့် နှစ်ပေါင်း(၄၀) ကြာမြင့်ချိန်မှာမှ ဒုတိယအကြိမ် တစ်ကျော့ပြန်တက်ရောက်နိုင်ခြင်းဖြစ်ကြောင်း သိရပါတယ်။
ကိုမိုအသင်းဟာ ဆီမီးဖိုင်နယ်မှာ အင်တာမီလန်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ကိုပါအီတာလီယာဆီမီးဖိုင်နယ်အဆင့်ကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ယှဉ်ပြိုင်ရမှာပါ။
ပထမအကျော့ကို မတ်လပထမပတ်၊ ဒုတိယအကျော့ကို ဧပြီလ(၂၀)ရက်ဝန်းကျင်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး တခြားဆီမီးဖိုင်နယ်အတွက်တော့ ဒီနေ့ည ဘိုလော့ဂ်နာ - လာဇီယိုပွဲပြီးမှ အဖြေထွက်မှာပါ။
ဗိုလ်လုပွဲကိုတော့ မေ(၁၃)မှာ ရောမမြို့က Stadio Olimpico မှာ ကျင်းပမှာဖြစ်ကြောင်း သိရပါတယ်။















