ပြည်တွင်းရွှေဈေးကွက် မတည်မငြိမ်ဖြစ်စေရန် ရွှေတုံးရွှေခဲများ သိုလှောင်ရောင်းဝယ်မှုဖြင့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ၊ ဒုဥက္ကဌ(၁) နှင့်အတွင်းရေးမှူးတို့ကို ဖမ်းဆီးလိုက်ကြောင်း သိရသည်။
၎င်းတို့ သုံးဦးသည် ရွှေဈေးနှုန်း တည်ငြိမ်စေရေးအတွက် ကြပ်မတ်ထိန်းသိမ်း ဆောင်ရွက်သွားရန် တာဝန်ရှိသူများ ဖြစ်လျက်နှင့် ၎င်းတို့ကိုယ်တိုင်က ရွှေဈေးကွက် မတည်မငြိမ် ဖြစ်စေရန် ရည်ရွယ်၍ ပြင်ပ ရွှေပေါက်ဈေးနှုန်းဖြင့် ရွှေတုံးရွှေခဲများကို ဝယ်ယူသိုလှောင်ခြင်း အရောင်းအဝယ်ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရသည်ဟု သိရသည်။
ဦးမျိုးမြင့်အနေဖြင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း အလေးချိန်စုစုပေါင်း ၇၀ ကျပ်သားရှိ အခေါက်ရွှေတုံး ရှစ်တုံးကို ပြင်ပပေါက်ဈေးဖြင့် ဝယ်ယူခဲ့ပြီး အမြတ်တင်ပြန်လည်ရောင်းချရန် သိုလှောင်ထားရှိခဲ့ကြောင်း၊ ထို့အတူ ရွှေအသင်းဒုတိယဥက္ကဋ္ဌ ဦးမျိုးသူဝင်းမှာ ၎င်း၏ ရွှေဆိုင်များ၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း အခေါက်ရွှေ ၉၇၀ ကျပ်သားအား ပြင်ပပေါက်ဈေးဖြင့် ဝယ်ယူ၍ ရွှေ ၉၅၀ ကျပ်သားအား အမြတ်ယူကာ ဈေးနှုန်းမြှင့်တင် ပြန်လည်ရောင်းချခဲ့ကြောင်း၊ အလားတူ အတွင်းရေးမှူး ဦးနေမျိုးထက်သည် ၎င်း၏ ရွှေဆိုင်များ၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း အခေါက်ရွှေ ၃၁၉ ကျပ်သားအား ပြင်ပပေါက်ဈေးနှုန်းဖြင့် ဝယ်ယူ၍ ရွှေ ၂၆၈ ကျပ်သားအား အမြတ် ရယူကာ ဈေးနှုန်းမြှင့်တင် ပြန်လည်ရောင်းချခဲ့ကြောင်း စိစစ်တွေ့ရှိရသည်ဟု သိရသည်။
၎င်းတို့မှာ ရွှေဈေးကွက် မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ရွှေတုံးရွှေခဲများကို ဝယ်ယူသိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင် ပြန်လည်ရောင်းချခဲ့ခြင်းများမှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာပါ တားမြစ်ချက်များအား ဖောက်ဖျက်ကျူးလွန်သဖြင့် တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွှေလုပ်ငန်းရှင်များအနေဖြင့် ရွှေဈေးကွက် တည်ငြိမ်စေရေးအတွက် ထိန်းသိမ်းဆောင်ရွက်ရန် ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာရန်နှင့် လိုက်နာခြင်းမရှိသည့် ရွှေလုပ်ငန်းရှင်များကို ထိရောက်စွာ အရေးယူမည်ဟု သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်သူများအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်မှာ သိန်းသန်းစိန်ရွှေရတနာဆိုင်၊ ဒုတိယဥက္ကဋ္ဌ(၁) ဦးမျိုးသူဝင်းမှာ အကယ်ဒမီရွှေဆိုင်နှင့် အတွင်းရေးမှူး ဦးနေမျိုးထက်မှာ ရွှေစင်အကယ်ဒမီရွှေဆိုင်တို့မှ ဖြစ်ကြောင်း သိရသည်။















