■ အပူရှာဒရုန်းနဲ့ပါ ရှာဖွေခံနေရတဲ့ မလေးရှားရောက် မြန်မာလုပ်သားတွေရဲ့သောက

■ အပူရှာဒရုန်းနဲ့ပါ ရှာဖွေခံနေရတဲ့ မလေးရှားရောက် မြန်မာလုပ်သားတွေရဲ့သောက
Published 4 February 2026

မလေးရှားတွင် သွားရောက်လုပ်ကိုင်နေသူများအနက် တရားမဝင်သွားရောက်လုပ်ကိုင်သူများအတွက် အော်ပရာစီဆိုသည်မှာ ဆန်းကြယ်သည့်အရာတစ်ခု မဟုတ်ပေ။

သို့သော် ယခုနှစ်အတွင်း မလေးရှားအာဏာပိုင်များက အပူရှာကိရိယာများကို ဒရုန်းများတွင် တပ်ဆင်ကာ တရားမဝင်လုပ်သားများကို ရှာဖွေဖမ်းဆီးလာခြင်းဖြစ်သည်။

“ဒရုန်းနဲ့ရှာတာ ဘယ်နေရာမှာ ပုန်းပုန်းမလွတ်တော့ဘူး။ အရင်ကမှ ခေါင်မိုးပေါ်တက်ပုန်းနေတာတို့ ထပ်ခိုးမှာ ပုန်းနေတာတို့နဲ့ ရှောင်လို့ရသေးတယ်။ အခုကတော့ ခေါင်မိုးနဲ့ထပ်ခိုးကြားထဲဝင်နေလည်း မရတော့ဘူး” ဟု မလေးရှားရောက်မြန်မာလုပ်သားတစ်ဦးက ပြောကြားသည်။

မလေးရှားအစိုးရအနေဖြင့် ယခုနှစ်ဇန်နဝါရီလကုန်ပိုင်းက မလေးရှားနိုင်ငံ Taman Emas Cheras တွင် ပြုလုပ်သည့် တရားမဝင်ပြည်ပလုပ်သားများကို ရှာဖွေဖမ်းဆီးသည့် စစ်ဆင်ရေးတွင် အဆိုပါအပူရှာ ကိရိယာတပ်ဆင်ထားသည့် ဒရုန်းများကို ပထမဆုံးအကြိမ်အသုံးပြုလာခြင်းဖြစ်သည်ဟု မလေးရှားမီဒီယာအချို့တွင် ဖော်ပြထားချက်အရ သိရသည်။

မလေးရှားသတင်းဌာနတစ်ခုဖြစ်သည့်  Malaymail သတင်းဌာနက ဖော်ပြရာတွင် မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနသည် အဆောက်အအုံခေါင်မိုးနှင့် ထပ်ခိုးများတွင် ခိုအောင်းနေသည့် တရားမဝင်ပြည်ပလုပ်သားများကို ရှာဖွေရန် အပူချိန်ရှာကိရိယာ တပ်ဆင်ထားသည့် အဆင့်မြင့်ဒရုန်းများကို အသုံးပြုခဲ့သည်ဟု ဖော်ပြထားသည်။

ဇန်နဝါရီ ၂၉ ရက် ညပိုင်းက မလေးရှားနိုင်ငံ Taman Emas Cheras တွင် နိုင်ငံခြားလုပ်သားများရှိမရှိ ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေးလက်ထောက်ညွန်ကြားရေးမှူးက အဆိုပါနည်းပညာကို အသုံးပြု၍ ဆိုင်ခန်း၏ခေါင်မိုးပေါ်၌ ပုန်းအောင်းရန် ကြိုးပမ်းခဲ့သည့် အနည်းဆုံးနိုင်ငံခြားသား ၁၅ ဦးခန့်ကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါစစ်ဆင်ရေးကို ည ၆ နာရီမှ ည ၈ နာရီခွဲအထိ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လူဦးရေ ၁၀၈၇ ဦးကို စစ်ဆေးနိုင်ခဲ့သည်ဟု လက်ထောက်ညွှန်ကြားရေးမှူးက ပြောကြားသည်။

“အထောက်အထားမပြနိုင်တဲ့ အသက် ၁၈ နှစ်ကနေ ၅၃ နှစ်အကြားမှာရှိတဲ့သူ ၂၁၈ ဦးကို ဖမ်းဆီးထားပါတယ်” ဟု လက်ထောက်ညွှန်ကြားရေးမှူးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ဖမ်းဆီးခံရသူများတွင် အမျိုးသား ၁၆၆ ဦးနှင့် အမျိုးသမီး ၅၂ ဦး ပါဝင်ပြီး မြန်မာနိုင်ငံမှ ၇၈ ဦး၊ ဘင်္ဂလားဒေ့ရှ် ၅၆ ဦး၊ အင်ဒိုနီးရှား ၄၄ ဦး၊ နိုင်ဂျီးရီးယား ၁၂ ဦး၊ နီပေါ ၁၀ ဦး၊ အိန္ဒိယ ငါးဦး၊ သီရိလင်္ကာ လေးဦးနှင့် အခြားနိုင်ငံများမှ ကိုးဦးတို့ဖြစ်သည်ဟု သတင်းတွင် ဖော်ပြထားသည်။

ဖမ်းဆီးခံရသူများကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေဖြင့် အရေးယူနိုင်ရေးအတွက် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

အော်ပရာစီဖြင့် ဝင်ရောက်ဖမ်းဆီးချိန်တွင် မြန်မာလုပ်သားများအပါအဝင် တရားမဝင်ပြည်ပလုပ်သားများမှာ တိုက်ခေါင်မိုးပေါ်များသို့ တက်ရောက်ခြင်း၊ တိုက်ခေါင်မိုးပေါ်မှတစ်ဆင့် အပေါ်အမိုးကိုလှပ်ကာ ထပ်ခိုးများအတွင်း ဝင်ရောက်ပုန်းခိုနေခြင်းများကို ဒရုန်းဖြင့် ရိုက်ကူးထားသည့် မြင်ကွင်းများမှာလည်း လူမှုကွန်ရက်များတွင် ထွက်ပေါ်လျက်ရှိသည်။

“အလုပ်သွားအလုပ်ချိန်တွေကိုလည်း သတိထားပြီးသွားနေရတယ်။ လမ်းမှာလည်း ပိတ်စစ်တာတွေ ကြုံရတယ်။ မြန်မာလုပ်သားတွေကတော့ တော်တော်လေးကိုမလွယ်ပါဘူးဗျာ” ဟု မလေးရှားနိုင်ငံတွင် သွားရောက်လုပ်ကိုင်လျက်ရှိသူတစ်ဦးက ပြောကြားသည်။

မလေးရှားအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ စစ်ဆေးမှုအကြိမ်ရေ ၁၀၆၉ ရှိပြီး လုပ်သားပေါင်း  ၁၇၇၉၃ ဦးကို စစ်ဆေးနိုင်ခဲ့ကာ တရားမဝင်လာရောက်လုပ်ကိုင်သူ ၃၆၉၁ ဦး၊ အလုပ်ရှင် ၁၀၀ ကျော်ကိုဖမ်းဆီးထားကြောင်း သိရသည်။

“ရဲကားလာရပ်ပြီဆိုရင် စိုးရိမ်နေရတယ်။ ဘာလာလုပ်တာလဲဆိုတာ သတိထားနေရတယ်။ ဒီမှာအများစုက မြန်မာ၊ ဘင်္ဂလားရယ် အင်ဒိုရယ်များတယ်။ တခြားနိုင်ငံသားတွေက အဲ့ဒီလောက်မများဘူး” ဟု မလေးရှားနိုင်ငံ ဆာလာရန်းတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားတစ်ဦးက ပြောကြားသည်။

မလေးရှားအာဏာပိုင်များက ဝင်ရောက်စစ်ဆေးရာတွင် စက်ရုံအလုပ်ရုံများသာမက စျေးဝယ်စင်တာများ၊ စားသောက်ဆိုင်တန်းများအထိပါ ဝင်ရောက်စစ်ဆေးကာ ဖမ်းဆီးခြင်းဖြစ်ကြောင်း မလေးရှားရှိ မြန်မာလုပ်သားများက ပြောကြားသည်။

“အခု စစ်တာတွေကတော့ တော်တော်ကြမ်းတယ်။ မြန်မာတင်မကဘူး။ တခြားပြည်ပနိုင်ငံသားတွေကိုပါ စစ်ဆေးနေတာ။ စားသောက်ဆိုင်တန်းတွေရော စျေးဝယ်စင်တာတွေရောကိုပါ ဝင်စစ်တာ” ဟု မလေးရှားနိုင်ငံ ပီနန်းပြည်နယ်တွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာလုပ်သားတစ်ဦးက ပြောကြားသည်။

ထို့ပြင် ပတ်ဝန်းကျင်က တိုင်ကြားမှုများရှိသဖြင့် တရားမဝင်မြန်မာလုပ်သားများအပါအဝင် ပြည်ပအလုပ်သမားများဖမ်းဆီးခံရသည့်ဖြစ်စဉ်များလည်းရှိခဲ့သည်။

“မလေးမှာက တော်တော်ခက်ခဲလာတယ်။ အရင်ကထက် ဆိုးလာတယ်။ ပတ်ဝန်းကျင်က တိုင်ရင်လည်း ကိုယ့်ဆီမှာ အထောက်အထားမပြည့်စုံရင် ဖမ်းခံရမယ်။ အခုက အော်ပရာစီကလည်း ဝင်တာကြမ်းနေတော့ ပိုဆိုးတယ်။ သတိထားနေရတယ်” ဟု မလေးရှားနိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်လျက်ရှိသူတစ်ဦးက ပြောကြားသည်။

မလေးရှားဝန်ကြီးချုပ် အန်ဝါကိုယ်တိုင်ကလည်း တရားမဝင်ဝင်ရောက်လာသည့် ပြည်ပလုပ်သားများကို တင်းတင်းကြပ်ကြပ် ရှာဖွေရန် ညွှန်ကြားထားသဖြင့် မလေးရှားရောက် တရားမဝင်မြန်မာနိုင်ငံသားများအပါအဝင် ပြည်ပလုပ်သားများမှာ ယခုထက်ပိုမိုပြီး ဖမ်းဆီးခံရနိုင်သည်ဟု မလေးရှားရောက်မြန်မာလုပ်သားတစ်ဦးက သုံးသပ်သည်။

“အခုက ဝန်ကြီးချုပ်ကိုယ်တိုင်က ညွှန်ကြားထားတာလည်းရှိနေတော့ အခြေအနေတွေက အရင်ကထက်ပိုဆိုးလာဖို့ပဲရှိတယ်။ အရင်တုန်းကဆို အော်ပရာစီဝင်တာက ခဏလောက်ပဲကြာတာ။ အခုကတော့ ဖမ်းဆီးမယ့်နေရာဆို တပတ်ကျော်ကျော်လောက်စောင့်ကြည့်ပြီးမှ ဝင်ဖမ်းတာ” ဟု မလေးရှားရောက် မြန်မာလုပ်သားတစ်ဦးဖြစ်သည့် ကိုမင်းမင်းလတ်က ပြောကြားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းက မလေးရှားနိုင်ငံသို့ အလည်အပတ်ဗီဇာဖြင့် ဝင်ရောက်လာပြီး အလုပ်လုပ်ကိုင်နေသူများကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ယင်းသို့ဝင်ရောက်လာသူများကို ကြပ်ကြပ်မတ်မတ်ရှာဖွေစစ်ဆေးရန် မလေးရှားဝန်ကြီးချုပ် အန်ဝါက အစိုးရအဖွဲ့ကို ညွှန်ကြားခဲ့သည်။

ယင်းသို့အလည်အပတ်ဗီဇာဖြင့် ဝင်ရောက်လာသူများအနက် အလုပ်လုပ်ကိုင်နေသူများကို ရှာဖွေစစ်ဆေးခဲ့ရာ လူ ၅၄၀၀၀ ကျော်ကို အရေးယူခဲ့ရသည်ဟု မလေးရှားဘက်မှလာသောသတင်းများအရ သိရသည်။

ထို့ပြင် တရားမဝင်လုပ်သားများကိုလက်ခံထားပြီး အလုပ်လုပ်ကိုင်ခွင့်ပြုသည့် အလုပ်ရှင်များကိုလည်း မလေးရှားအစိုးရက ဖမ်းဆီးအရေးယူခြင်းများရှိနေရာ အလုပ်ရှင်များအတွက်လည်း အခက်အခဲတစ်ခုဖြစ်နေသည်ဟု မလေးရှားရောက် မြန်မာလုပ်သားများထံမှ သိရသည်။

“အရင်တုန်းက အလည်ဗီဇာနဲ့လာတယ်။ ကိုယ့်ဆွေမျိုးသားချင်းက စားသောက်ဆိုင်မှာ အလုပ်လုပ်ဖို့ထည့်ပေးတယ်ဆိုရင် အလုပ်ရှင်ကလည်း လူရင်းရှိတော့ လက်ခံတယ်။ အခုကတော့ အဲ့ဒီလိုမရတော့ဘူး။ အလုပ်သမားတစ်ယောက်တောင် ထားလို့မရတော့လို့ အလုပ်ရှင်တွေလည်း လက်မခံရဲဘူး” ဟု မလေးရှားရောက်မြန်မာလုပ်သားတစ်ဦးက ပြောကြားသည်။

မလေးရှားအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးမှုများတွင် မလေးရှားနိုင်ငံအတွင်း နှစ်ပေါင်းများစွာ တရားမဝင်နေထိုင်သူများလည်းရှိနေပြီး အချို့မှာ ကလေးငယ်များလည်း ဖမ်းဆီးခံရခြင်းများရှိနေသည်။

“မလေးရှားက နေဖို့ထိုင်ဖို့အလုပ်လုပ်ဖို့ လုံးဝကို အဆင်မပြေတော့ဘူး။ ဖမ်းခံရရင်လည်း Camp ထဲမှာ အနည်းဆုံးနှစ်ပတ်က နေသုံးပတ်အထိ နေရတယ်။ ပြီးတာနဲ့ ပြန်ပို့တာဆိုတော့ ဘယ်လိုမှလည်းအဆင်မပြေ ဘူး။ အခုကတော့ အဖမ်းမခံရအောင်နေနေရတာပဲ။ အလုပ်ကပြန်တာရော အိပ်ချိန်တွေမှာရော သတိထားပြီးနေရတာပဲ။ တကယ်ကို မလွယ်တော့ဘူး” ဟု မလေးရှားတွင် သွားရောက်လုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။

Most Read

Most Recent