ပွဲစားကို ဘတ်သုံးသောင်းအထိပေးပြီး ထိုင်းနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်သည့် မြန်မာလုပ်သား ၁၀၀ ကျော်အား ပစ်ကပ်ကားသုံးစီးနှင့်အတူ ဖမ်းဆီးရမိ

ပွဲစားကို ဘတ်သုံးသောင်းအထိပေးပြီး ထိုင်းနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်သည့် မြန်မာလုပ်သား ၁၀၀ ကျော်အား ပစ်ကပ်ကားသုံးစီးနှင့်အတူ ဖမ်းဆီးရမိ
Published 29 January 2026

ပွဲစားကို ဘတ်သုံးသောင်းအထိပေးပြီး ထိုင်းနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်သည့် မြန်မာလုပ်သား ၁၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့သည်ဟု ထိုင်းနိုင်ငံဘက်မှလာသော သတင်းများအရ သိရသည်။

ဇန်နဝါရီ ၂၉ ရက် နံနက်အစောပိုင်းတွင် ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင် သောင်ဖာမြို့နယ်အတွင်း တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို ပစ်ကပ်ကားသုံးစီးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မြန်မာနိုင်ငံသားများကို တင်ဆောင်လာသည့် မော်တော်ယာဉ်ကို ထိုင်းအာဏာပိုင်များက စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ကားသမားနှစ်ဦးက ထွက်ပြေးခဲ့ပြီး ကျန်တစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။

ယင်းပစ်ကပ်ကား သုံးစီးအနက် နှစ်စီးတွင် မြန်မာနိုင်ငံသား ၁၁၂ ဦးကို ပြည့်သိပ်စွာ တင်ဆောင်လာခဲ့ပြီး ကျန်တစ်စီးပေါ်တွင် အဝတ်အစားအိတ်များကို တင်ဆောင်လာခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသားများကို ထိုင်းအာဏာပိုင်များက စစ်ဆေးရာ ဝင်ရောက်ခွင့် အထောက်အထားများကို မတွေ့ရှိရဘဲ ဘန်ကောက်၊ ရယောင်းနှင့် အချို့မှာ မလေးရှားနိုင်ငံအထိ သွားရောက်မည့်သူများဖြစ်ကြောင်း၊ ပွဲစားကို ဘတ်နှစ်သောင်းမှ သုံးသောင်းအထိ ပေးချေခဲ့ရကြောင်း အလုပ်သမားများက ပြောကြားချက်ကို ကိုးကားပြီး သတင်းတွင် ဖော်ပြထားသည်။ သတင်းဓာတ်ပုံများတွင် ဖော်ပြထားချက်အရ အမျိုးသား၊ အမျိုးသမီးများသာမက ကလေးငယ်အချို့လည်း ပါဝင်လျက်ရှိသည်ကို တွေ့ရသည်။

Most Read

Most Recent