ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်၊ တာဆန်းကျေးရွာအနီးရှိ သံလွင်မြစ်ကူးတံတား (တာဆန်း) ဖွင့်ပွဲအခမ်းအနားကို ယနေ့(ဇန်နဝါရီ ၂၀ ရက်)နံနက်ပိုင်းတွင် အဆိုပါတံတားနေရာ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ယာယီသမ္မတ နှင့်အတူ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
တံတားဖွင့်အခမ်းအနား၌ မင်္ဂလာအချိန်တွင် သံလွင်တံတား (တာဆန်း) အား ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဒေါက်တာ ချာလီသန်း၊ ဒေါက်တာ မျိုးသိန်းကျော်၊ ဦးမျိုးသန့်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် ယာယီသမ္မတက သံလွင်တံတား (တာဆန်း) ကမ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များပက်ဖြန်းပေးပြီး ကော်မရှင်အတွင်းရေးမှူးနှင့် အခမ်းအနားတက်ရောက်လာသူများက ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖြန်းပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌထံသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက သံလွင်တံတား (တာဆန်း) ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်ကို ဂါရဝပြုပေးအပ်ကာ ယာယီသမ္မတက ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သံလွင်တံတား (တာဆန်း)သည် တံတားအရှည် ၈၇၆ ပေရှိပြီး ယာဉ်သွားလမ်းအကျယ် ၂၃ ပေ၊ ဆိုင်ကယ်လမ်း တစ်ဖက် ၅ ပေစီဖြင့် စုစုပေါင်း တံတားအကျယ် ၃၃ ပေရှိသည့် သံမဏိသံပေါင်တံတားဖြစ်ကြောင်း၊ ရေလမ်းကင်းလွတ် အကျယ် ၂၈၀ ပေရှိကာ ရေလမ်းကွင်းလွတ်အမြင့်မှာ ၃၄ ပေရှိကြောင်း၊ ပေ ၉၀၀ ရှိသံလွင်တံတား (တာဆန်း) ကြိုးတံတားအဟောင်း၏အနီးတွင် တည်ဆောက်ထားခြင်းဖြစ်ပြီး ယခုကဲ့သို့ တံတားအသစ်ကြီးတည်ဆောက်ပြီးစီးခဲ့ပြီဖြစ်သဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့ကို ဆက်သွယ်ထားသည့် တောင်ကြီး-နမ့်စန်-မိုးနဲ-မိုင်းပန်-မိုင်းတုံ-မိုင်းဆတ်-တာချီလိတ် လမ်းကြောင်းကို အသုံးပြု၍ ကုန်စည်ကူးသန်းသွားလာမှုများကို ပိုမိုလွယ်ကူမြန်ဆန်စွာ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်းနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အထောက်အကူများစွာဖြစ်လာစေမည်ဖြစ်ကြောင်း သိရသည်။















