■ တရားမဝင် ဝင်ရောက်မှုဖြင့် အဖမ်းခံရသည့်မြန်မာလုပ်သားများက ထိုင်းရဲတပ်ဖွဲ့ဝင်အတွက် မွေးနေ့ဆုတောင်းပေး

■ တရားမဝင် ဝင်ရောက်မှုဖြင့် အဖမ်းခံရသည့်မြန်မာလုပ်သားများက ထိုင်းရဲတပ်ဖွဲ့ဝင်အတွက် မွေးနေ့ဆုတောင်းပေး
Published 20 January 2026

တရားမဝင် ဝင်ရောက်မှုဖြင့် အဖမ်းခံရသည့်မြန်မာလုပ်သားများက ထိုင်းရဲတပ်ဖွဲ့ဝင်အတွက် မွေးနေ့ဆုတောင်းပေးခဲ့သည်ဟု ထိုင်းသတင်းဌာနဖြစ်သည့် Khaosod English က သတင်းဖော်ပြသည်။

ဇန်နဝါရီ ၁၉ ရက် ည ၁၁ နာရီခွဲခန့်က ထိုင်းနိုင်ငံ အန်သောင်ခရိုင်တွင် အမှတ် ၃၂ အမြန်လမ်းမကြီးပေါ်တွင် အရှိန်ပြင်းပြင်းမောင်းနှင်လာသည့် ပစ်ကပ်ကားနှစ်စီးကို ထိုင်းအာဏာပိုင်များက တားဆီးစစ်ဆေးခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ ပစ်ကပ်ကားနှစ်စီးပေါ်တွင် တရားမဝင်လိုက်ပါလာသည့် မြန်မာလုပ်သား ၂၂ ဦးနှင့် လူမှောင်ခိုကူးသူ သုံးဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဝင်ရောက်လာသူ ၂၂ ဦးမှာ ပတ်စပို့နှင့် တရားဝင် ခရီးသွားစာရွက်စာတမ်းများ မပါရှိကြောင်း၊ ချင်းရိုင် မယ်ဆိုင်ဒေသမှတစ်ဆင့် မြန်မာဘက်အခြမ်းမှ လှေဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ဖြတ်ကူးလာခြင်းဖြစ်ကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားများမှာ အလုပ်ရရှိမည်ဆိုသည့် မျှော်လင့်ချက်ဖြင့် ပွဲစားထံ တစ်ဦးလျှင် ဘတ် ၁၃၀၀၀ ပေးရကြောင်း ထိုင်းအရာရှိများက ပြောကြားသည်။

ဖမ်းဆီးရမိသည့် တရားမဝင်ရွှေ့ပြောင်းမြန်မာလုပ်သားများကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်းအတွက် တရားစွဲဆိုထားပြီး ထိုင်းနိုင်ငံသားသုံးဦးကိုလည်း ဖမ်းဆီးထားကြောင်း၊ ပစ်ကပ်ယာဉ်နှစ်စီးကိုလည်း သိမ်းဆည်းထားကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးစစ်ဆေးနေစဉ်အတွင်း ထိုင်းရဲတပ်ဖွဲ့တွင် ပါဝင်ဆောင်ရွက်နေသည့် ရဲတပ်ကြပ်ကြီး၏ မွေးနေ့ဖြစ်နေပြီး ထိုင်းရဲတပ်ဖွဲ့ဝင်များက အံ့အားသင့်စေရန် ကိတ်မုန့်ခွဲကာ ဂုဏ်ပြုဆုတောင်းပေးခဲ့ကြောင်း၊ ယင်းသို့ မွေးနေ့ပွဲပြုလုပ်စဉ် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများကလည်း လက်ခုပ်တီးကာ မွေးနေ့သီချင်းကို အတူတကွ သီဆိုပေးခဲ့ကြောင်း ထိုင်းသတင်းတွင် ဖော်ပြထားသည်။

 

Most Read

Most Recent