တောင်ကြီးမြို့ရှိ ပုဂ္ဂလိကကျောင်းတစ်ကျောင်းတွင် အဆောင်နေကျောင်းသူတစ်ဦးကို အဓမ္မပြုကျင့်မှုဖြင့် လူငယ်တစ်ဦး ဖမ်းဆီးခံရကြောင်း မြို့ခံများထံမှ သိရသည်။
တောင်ကြီးမြို့ရှိ အောင်မြေသစ်ကိုယ်ပိုင် ကျောင်း၏ အဆောင်နေကျောင်းသူတစ်ဦးကို အဓမ္မပြုကျင့်မှုစွပ်စွဲချက်ဖြင့် ကျောင်းအုပ်ကြီး၏ သားဖြစ်သူ ဖမ်းဆီးခံထားရကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၅ ရက် နေ့လည် ၁၂ နာရီခွဲခန့်တွင် တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ အောင်မြေသစ် ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျောင်းတက်နေသော Grade 12 ကျောင်းသူ တစ်ဦးသည် ခေါင်းကိုက်သဖြင့် ဆရာမထံ ခွင့်တောင်း၍ အဆောင်၌ပြန်နားနေစဉ် နေ့လည် ၁ နာရီခန့်တွင် ကျောင်းမှ ကျောင်းအုပ်၏ သားဖြစ်သူ ဇာနည်သွေး ရောက်ရှိလာပြီး သူမကို အလိုမတူဘဲ အဓမ္မပြုကျင့်ခြင်း ဖြစ်ကြောင်း သိရသည်။
“ဖြစ်တာကလည်းသမီးတို့သူငယ်ချင်းပါ။ ဖြစ်ပုံက ၁၅ ရက်နေ့ မနက်ပိုင်းကျောင်းသွား တည်းကသူငယ်ချင်းကနေမကောင်းပါဘူး။ မနေ့ညက သမီးတို့အကုန်မနက်၃ နာရီထိ စာလုပ် ထားတော့ မနက်ကျောင်းသွားတော့ ခေါင်းမူးပြီး သူက နေလို့အဆင်မပြေဘူး၊ နေ့လည်ထမင်းစား ဆင်းရင်အဆောင်ဖက်ပြန်ပြီးနေ့တစ်ပိုင်းလောက်ပြန်အိပ်မှရမယ်ဆိုပြီး သမီးတို့ကိုပြောတယ်။ ဖြစ်သွားတာကလည်းသူအဲ့ဒီပြန်တဲ့အချိန် သူ့ကိုပိုက်ဆံသိန်း၂၀ လည်းတောင်းပါတယ်ပြီးတော့ ဓာတ်ပုံတွေကောအတင်းရိုက်ပြီး သားမယားပြုကျင့်တာပါ။ သူငယ်ချင်းကစတည်းက နေလည်း မကောင်းတာမို့ ဒီလိုဖြစ်တဲ့ချိန်မှာဘယ်လောက်ထိခံစားနေရမယ်ဆိုတာ ပြောတောင်မပြတတ် တော့ဘူး ညနေကျောင်းဆင်းသမီးတို့ပြန်လာတဲ့ချိန်မှာ ကုတင်အောက်လေးမှာ အိမ်ပြန်ချင်တယ်။ ကြောက်တယ်ဆိုပြီးတစ်ကိုယ်လုံးတုန်ပြီး အဲ့စကားတွေပဲအထပ်ထပ် ပြောပြီးငိုနေတာ သမီးတို့ဆို ဘာမှမသိသေးတာတောင် သူ့ပုံစံကိုမြင်ပြီး သနားလို့ မျက်ရည်တွေပါကျတယ်” ဟု အဆိုပါကျောင်းတွင် တက်ရောက်နေသူတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။
၎င်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၈ ရက် မနက်ပိုင်း ၂ နာရီတွင် နယ်မြေရဲစခန်းတွင် (ပ) ၁၅/ ၂၀၂၆ ရာဇသတ်ကြီးပုဒ်မ - ၃၇၆ အမှုဖြင့် နစ်နာသူဘက်မှ အမှုဖွင့်ခဲ့ရာ၊ ထိုနေ့မွန်းလွဲပိုင်းမှာပင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်၊ နေ့လည်ပိုင်း ၁၁ နာရီ ၅၀ မိနစ်တွင် ကျူးလွန်သူဟုဆိုသူ ဇာနည်သွေးကို တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ အနောက်မြို့ပတ်လမ်းပေါ်ရှိ တောင်ကြီး ဟိုတယ်အနီးတွင် သက်ဆိုင်ရာက ဖမ်းဆီးရမိခဲ့ကာ စစ်ဆေးမေးမြန်းနေကြောင်း သိရသည်။















