ဇန်နဝါရီလ ၂၀ ရက် နံနက် ၁ နာရီ၊ ၂၆ မိနစ်၊ ၃၁ စက္ကန့်တွင် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့၏ အရှေ့မြောက်ဘက် (၁၁) မိုင်ခန့်အကွာတွင် ဗဟိုပြု၍ရစ်(ခ်)တာစကေး ၄ ဒသမ ၅ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဇန်နဝါရီလ ၂၀ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် ၁ နာရီ၊ ၂၆ မိနစ်၊ ၃၁ စက္ကန့်အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၃၅) မိုင်ခန့်ကွာဝေးသော (ညောင်တုန်းမြို့၏ အရှေ့မြောက်ဘက် (၁၁) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၇ဒသမ ၁၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅ ဒသမ ၇၃) ဒီဂရီ၊ အနက် (၁၀) ကီလို မီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄ ဒသမ ၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားသည်ဟု တိုင်းထွာရရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။
ဇန်နဝါရီ ၁၉ ရက် ည ၁၀ နာရီ ၁၄ မိနစ်ခန့်ကလည်း ရန်ကုန်မြို့တွင်ငလျင်လှုပ်ခတ်ခဲ့သည်။
ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၃၄) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (တိုက်ကြီးမြို့၏ အနောက်တောင်ဘက် (၁၈) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၇ ဒသမ ၁၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅ ဒသမ ၇၅) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး အင်အား ရစ်(ခ်)တာစကေး (၄ ဒသမ ၅) အဆင့်ရှိကြောင်း သိရသည်။















