ချယ်လ်ဆီးအသင်းဟာ အာဂျင်တီးနားကွင်းလယ်ကစားသမား အန်ဇိုဖာနန်ဒက်ဇ်ကို ရောင်းထုတ်ဖို့ စီစဉ်နေကြောင်း မီဒီယာတချို့က ဖော်ပြခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကမှ အသက်(၂၅)နှစ်ပြည့်ခဲ့တဲ့ အန်ဇိုဖာနန်ဒက်ဇ်ဟာ ၂၀၂၃ ဇန်နဝါရီမှာ ဘင်ဖီကာကနေ ချယ်လ်ဆီးကို ယူရို(၁၂၁)သန်း၊ ပေါင်(၁၀၆.၈)သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းက ဗြိတိန်ဘောလုံးလောကရဲ့ တန်ဖိုးအကြီးဆုံးခေါ်ယူမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းက အန်ဇိုဖာနန်ဒက်ဇ်ကို ၂၀၃၁ ခုနှစ်အထိ နှစ်ရှည်စာချုပ်ချုပ်ဆိုထားပြီး လက်ရှိအချိန်မှာ အသင်းရဲ့ အဓိကကစားသမားအဖြစ်လည်း ရပ်တည်နေပေမဲ့ ကြိုက်စျေးရရင် ရောင်းထုတ်ဖို့ စီစဉ်ထားကြောင်း သတင်းထွက်လာခဲ့တာပါ။
လက်ရှိအချိန်မှာ အန်ဇိုဖာနန်ဒက်ဇ်ကို ခေါ်ယူဖို့ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ PSG အသင်းတို့က စိတ်ဝင်စားနေကြပြီး လာမယ့်နွေရာသီမှာ ကမ်းလှမ်းမှုပြုလုပ်ဖွယ်ရှိကြောင်း သိရပါတယ်။
ချယ်လ်ဆီးအသင်းရဲ့နည်းပြသစ် လီယမ်ရိုစီနီယာကတော့ အန်ဇိုဖာနန်ဒက်ဇ်ဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမားဖြစ်တယ်လို့ ပြောကြားထားပါတယ်။















