ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်ရှိ သတ္တသတ္တာဟမဟာဗောဓိစေတီတော်မြတ်ကြီး၊ အဘယရာဇမုနိရုပ်ပွားတော်မြတ်ကြီးတို့နှင့် ကျိုင်းတုံမြို့ ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီးသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇန်နဝါရီ ၁၈ ရက်က သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြောင်း သိရသည်။
ထိုသို့ သွားရောက်ဖူးမြော်ကြည်ညိုရာတွင် ယာယီသမ္မတနှင့်အတူ ကျိုင်းတုံမြို့ သီလဓမ္မကုန်းသာတောရ ပဓာနနာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒ ဝစီပိတ်ဆရာတော်၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ ဖူးမြော်ကြည်ညိုခဲ့ကြောင်း သိရသည်။
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဦးစွာ ဗုဒ္ဓဥယျာဉ်ပရိဝုဏ်တော်အတွင်း တည်ထားကိုးကွယ်မည့် လောကသရဖူစေတီတော်မြတ်ကြီး တည်ဆောက်ရေးလုပ်ငန်းသို့ ရောက်ရှိကြပြီး မြေကြီးလုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ ပင်မစေတီတော်တည်ဆောက်ခြင်း၊ ရင်ပြင်ကြမ်းခင်းခြင်း၊ အရံစေတီများတည်ဆောက်ခြင်း၊ ပစ္စယံများ ကျောက်စီခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှူခဲ့ကြောင်း သိရသည်။
ထို့နောက် ယာယီသမ္မတသည် စေတီတော်ကြီးတည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဝစီပိတ်ဆရာတော်ကြီး၏ မိန့်ကြားမှုများအပေါ် လိုအပ်သည်များ တင်ပြလျှောက်ထားကာ တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်နေမှု တင်ပြချက်များအပေါ် ရေယိုစိမ့်ခြင်း၊ ရေတိုက်စားခြင်းများမဖြစ်စေရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်စဉ်ကတည်းကပင် ရေဝင်၊ ရေထွက်နှင့် ရေထုတ်စနစ်များ စနစ်တကျဖြစ်စေရေး တွက်ချက်ဆောင်ရွက်ရန်လိုကြောင်း၊ ရာသီဥတုဒဏ်ခံနိုင်ရေးနှင့် သဘာဝဘေး၊ ငလျင်ဘေးအန္တရာယ်များအတိုင်း အတာတစ်ခုအထိ ခံနိုင်ရည်စံနှုန်းရှိစေရေးအတွက်လည်း တွက်ချက်တည်ဆောက်ရမည်ဖြစ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းဧရိယာ တောင်စောင်းများပေါ်၌ သစ်ပင်များကိုလည်း စနစ်တကျဖြင့် ပြန်လည်စိုက်ပျိုးသွားရန်လိုကြောင်း၊ ရင်ပြင်တော်ပေါ်၌ နေပူခံကျောက်ပြားများ ခင်းကျင်းရာ၌လည်း ဒီဇိုင်းရေးဆွဲပြီးမှသာ စနစ်တကျဖြင့် ခင်းကျင်းသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ယာယီသမ္မတသည် စေတီတော်ကြီး တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဗုဒ္ဓဥယျာဉ်တော်အတွင်း သာသနိကအဆောက်အအုံများ တည်ဆောက်ထားရှိမှုနှင့် ဗုဒ္ဓမြတ်စွာဘုရား၏ ဖြစ်တော်စဉ် ဖွားပွင့်ဟောစံ သံဝေဇနိယ လေးဌာနတို့အား လှည့်လည်ဖူးမြော်ကြည်ညိုကြပြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် စနစ်တကျထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
ထို့အတူ ယာယီသမ္မတနှင့်အဖွဲ့ဝင်များသည် ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်းရှိ သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီးသို့ ရောက်ရှိကြပြီး ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ သောက်တော်ရေချမ်းနှင့် ပန်းမန်၊ ဆီမီးတို့ကို ကပ်လှူပူဇော်ခဲ့ပြီး မဟာဗောဓိစေတီတော်မြတ်ကြီး ဘက်စုံထိန်းသိမ်းဆောင်ရွက်ရန်အတွက် စုပေါင်းအလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်တစ်ဦးက လက်ခံရယူခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ယာယီသမ္မတနှင့် အဖွဲ့ဝင်များသည် သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီး အထက်ပစ္စယံရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုကာ စေတီတော်ကြီးအား လက်ယာရစ် လှည့်လည်ဖူးမြော်ကြည်ညိုပြီး ယာယီသမ္မတသည် စေတီတော်မြတ်ကြီးရှိ ငြိမ်းချမ်းရေးခေါင်းလောင်းတော်အား ထိုးခတ်ပူဇော်ခဲ့ကြောင်း သိရသည်။
ယာယီသမ္မတသည် ဗုဒ္ဓဥယျာဉ်တော် သီလဓမ္မ ကုသိုလ်ဖြစ်ဆေးခန်း ဆောင်ရွက်ထားရှိမှုနှင့် သီလဓမ္မဆေးရုံတော် တည်ဆောက်ထားရှိမှု အခြေအနေများကို ဆက်လက်ကြည့်ရှုကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားပြီး ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ သုခမှတ်စုပန်းခင်းနေရာနှင့် ဗုဒ္ဓဥယျာဉ်ပြတိုက်တို့အတွင်း လှည့်လည်ကြည့်ရှုပြီး အဘယရာဇမုနိရုပ်ပွားတော်မြတ်ကြီးသို့ ရောက်ရှိကာ ပန်း၊ ရေချမ်းနှင့်ဆီမီးများ ကပ်လှူပူဇော်ဖူးမြော်ကြည်ညို၍ လက်ယာရစ်လှည့်လည်ဖူးမြော်ကြည်ညိုပြီး စေတီတော်လိုဏ်အတွင်း စကျင်ကျောက်များဖြင့် ထုဆစ်ပူဇော်ထားရှိသည့် ဗုဒ္ဓဝင်များကို လှည့်လည်ကြည်ညိုခဲ့ကြောင်းနှင့် ရုပ်ပွားတော်မြတ်ကြီးအတွက် ဘက်စုံအလှူတော်ငွေများကို ပေးအပ်ရာ ဂေါပကအဖွဲ့ဝင်များက လက်ခံရယူခဲ့ကြောင်း သိရသည်။
ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဇန်နဝါရီ ၁၈ ရက်ညပိုင်းတွင် ကျိုင်းတုံမြို့ ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီးသို့ သွားရောက်ဖူးမြော်ပြီး ဘုရားကြီးအား သောက်တော်ရေချမ်းနှင့် ပန်းမန်၊ ဆီမီးတို့ကို ကပ်လှူပူဇော်ကာဘုရားကြီးအတွက် ဘက်စုံအလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များက လက်ခံရယူခဲ့ကြောင်း သိရသည်။
ထို့နောက် ယာယီသမ္မတနှင့်အဖွဲ့ဝင်များသည် ကျိုင်းတုံမြို့ ပြည်နယ်ကွင်းတွင် ကျင်းပသည့် (၄၂)ကြိမ်မြောက် ကျိုင်းတုံမြို့နယ် လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်သို့ သွားရောက်၍ ဒေသရိုးရာအစားအသောက်များ၊ အဝတ်အထည်များ၊ အသုံးအဆောင်ပစ္စည်းများ၊ ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချနေမှုများကို လိုက်လံကြည့်ရှုပြီး ဈေးရောင်းချနေသူများနှင့် လာရောက်စားသုံးကြသည့် ပြည်သူလူထုများ၊ နှစ်သစ်ကူးပွဲတော်သို့ လာရောက်ဆင်နွှဲကြသည့် လားဟူတိုင်းရင်းသားများ၊ ဒေသခံတိုင်းရင်းသားပြည်သူများအား နှုတ်ဆက်ခဲ့ကြောင်း သိရသည်။















