တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်သူများအတွက် အလုပ်အကိုင်ရရှိရေး အထောက်အကူပြုအတတ်ပညာကျွမ်းကျင်မှု (Skilled Labour) သင်တန်းများ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။
ဇန်နဝါရီ ၁ ရက်က နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည့် သိပ္ပံပွဲတော်(Science Festival)ကျင်းပရေးနှင့် တက္ကသိုလ်ဝင်စာမေးပွဲမအောင်မြင်သူများအတွက် အလုပ်အကိုင်ရရှိရေး အထောက်အကူပြုအတတ်ပညာကျွမ်းကျင်မှု (Skilled Labour) သင်တန်းများဖွင့်လှစ်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ဝန်ကြီးရုံးနှင့် အဆင့်မြင့်ပညာဦးစီးဌာန၊ ဆရာ အတတ်ပညာဦးစီးဌာန၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ Naypyitaw State Academy ပါမောက္ခချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ တက်ရောက်ကြပြီး တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခများက အွန်လိုင်းဖြင့် ပါဝင်တက်ရောက်ကြကြောင်း သိရသည်။
ဒုတိယဝန်ကြီးက ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ညွှန်ကြားချက်အရ သိပ္ပံပွဲတော် (Science Festival)ကို ပြပွဲ၊ ပြိုင်ပွဲ၊ စျေးရောင်းပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပရေး၊ တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်သူများအတွက် အလုပ်အကိုင်ရရှိရေး အထောက်အကူပြုအတတ်ပညာကျွမ်းကျင်မှု (Skilled Labour) သင်တန်းများ ဖွင့်လှစ်ရေး၊ မူလတန်းပြ ဆရာဆရာမများအတွက် အင်္ဂလိပ်စာ အရည်အသွေးမြှင့်တင်မှုသင်တန်း များဖွင့်လှစ်ရေး၊ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ သုတေသနညီလာခံကျင်းပရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ပါမောက္ခချုပ်များ၊ ပါမောက္ခများက ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက အကြံပြုဆွေးနွေးညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။















