နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟောင်းက မန်ယူအသင်းနဲ့ ယခင်တွေ့ဆုံမှုတွေမှာ ရလဒ်ကောင်းရရှိထားပေမဲ့ Boxing Day(ဒီနေ့)မှာ ကစားရမယ့်ပွဲအတွက် အရေးမပါကြောင်း သုံးသပ်ပြောကြားခဲ့ပါတယ်။
မန်ယူနဲ့ နယူးကာဆယ်အသင်းဟာ Boxing Day ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၂၆ ရက် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၂၇ ရက် နံနက် ၂ နာရီခွဲ) မှာ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမှာပါ။
နယူးကာဆယ်အသင်းဟာ မန်ယူအသင်းနဲ့ ယှဉ်ပြိုင်ကစားထားတဲ့ ပြိုင်ပွဲစုံ နောက်ဆုံးခြောက်ပွဲမှာ လိဂ်ဖလားဗိုလ်လုပွဲနဲ့ ပရီးမီးယားလိဂ်တစ်ပွဲသာ ရှုံးနိမ့်ပြီး ကျန်ပရီးမီးယားလိဂ်လေးပွဲ အနိုင်ရထားပါတယ်။
ဒါပေမဲ့ အက်ဒီဟောင်းက ''ကျွန်တော့်အလုပ်က ပြိုင်ဘက်အသင်းရဲ့ အားသာချက် နဲ့ အားနည်းချက်တွေကို မြင်အောင်ကြည့်ဖို့ပါပဲ။ ဘယ်သူနဲ့ ကစားနေလဲဆိုတာကို မကြည့်ပါနဲ့။ တိုက်စစ်ကစားပြီးရင် အားနည်းချက်တွေကို မြင်သာအောင်လုပ်ပြီးတော့ အဲဒီအားနည်းချက်တွေကို ကာကွယ်ဖို့ ကြိုးစားပါ။ လုပ်ငန်းစဉ်တွေက အတူတူပါပဲ။ မန်ချက်စတာယူနိုက်တက်နဲ့ ကစားခဲ့တဲ့ပွဲတွေမှာ ကျွန်တော်တို့မှတ်တမ်းက ကောင်းပါတယ်။ ဒါပေမဲ့ ဒီပွဲမှာ အဲဒါက အရေးမကြီးပါဘူး။ ဒါက နောက်ထပ်လွတ်လပ်တဲ့ပွဲစဉ်တစ်ပွဲပါ။ သူတို့ တိုးတက်လာပြီး တကယ်အားကောင်းလာပါတယ်။ နောက်ဆုံးကစားတဲ့ အက်စတွန်ဗီလာနဲ့ပွဲမှာ သူတို့အနိုင်မရပေမဲ့ အရမ်းကို အားကောင်းပြီး ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ပြသနိုင်ခဲ့တယ်လို့ ကျွန်တော် ထင်တယ်'' လို့ ပြောကြားခဲ့ပါတယ်။
ကျွမ်းကျင်သူအများစုကတော့ ဒီပွဲမှာ အမှတ်ခွဲယူရဖို့ အလားအလာများတယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။















