သူရဦးအောင်ကို၊ ဦးမြင့်နိုင်၊ ဗိုလ်ချုပ် လေးဦးနှင့် စီးပွားရေးလုပ်ငန်းရှင်များဖြစ်သည့် ဦးချစ်ခိုင်၊ ဦးသိမ်းဝေ၊ ဦးခင်ရွှေ တို့ကို ချီးမြှင့်ထားသည့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဆုတံဆိပ်များကို ပြန်လည်ရုပ်သိမ်း

သူရဦးအောင်ကို၊ ဦးမြင့်နိုင်၊ ဗိုလ်ချုပ် လေးဦးနှင့် စီးပွားရေးလုပ်ငန်းရှင်များဖြစ်သည့် ဦးချစ်ခိုင်၊ ဦးသိမ်းဝေ၊ ဦးခင်ရွှေ တို့ကို ချီးမြှင့်ထားသည့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဆုတံဆိပ်များကို ပြန်လည်ရုပ်သိမ်း
Published 25 December 2025

သူရဦးအောင်ကို၊ ဦးမြင့်နိုင်၊ ဗိုလ်ချုပ် လေးဦးနှင့် စီးပွားရေးလုပ်ငန်းရှင်များဖြစ်သည့် ဦးချစ်ခိုင်၊ ဦးသိမ်းဝေ၊ ဦးခင်ရွှေ တို့ကို ချီးမြှင့်ထားသည့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဆုတံဆိပ်များကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း ဒီဇင်ဘာ ၅ ရက်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် ဖော်ပြထားသည်။

ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဆုတံဆိပ်များကို ပြန်လည်ရုပ်သိမ်းခံရသည့် စီးပွားရေးလုပ်ငန်းရှင်များမှာ ဧဒင်ဦးချစ်ခိုင်၊ ဇေကမ္ဘာ ဦးခင်ရွှေနှင့် ရိုးမကုမ္ပဏီ ဥက္ကဌဟောင်း ဦးသိမ်းဝေတို့ဖြစ်သည်။

ဦးချစ်ခိုင်မှာ စည်သူဘွဲ့၊ ဝဏ္ဍကျော်ထင်ဘွဲ့၊ စီမံထူးချွန်တံဆိပ်( ဒုတိယအဆင့်) များကိုလည်းကောင်း၊ ဦးခင်ရွှေမှာ ဝဏ္ဏကျော်ထင်ဘွဲ့နှင့် ဦးသိမ်းဝေမှာ သီရိပျံချီဘွဲ့များကို ရုပ်သိမ်းခံရခြင်း ဖြစ်သည်။

သူရဦးအောင်ကိုမှာ သူရဘွဲ့နှင့် ဝဏ္ဏကျော်ထင်ဘွဲ့၊ ဦးမြင့်နိုင်မှာ ဝဏ္ဏကျော်ထင်ဘွဲ့နှင့် စီမံထူးချွန်( ဒုတိယအဆင့်) ဘွဲ့များကို ရုပ်သိမ်းခံရခြင်း ဖြစ်သည်။

ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဆုတံဆိပ်များ ပြန်လည်ရုပ်သိမ်းခံရသည့် ဗိုလ်ချုပ်လေးဦးမှာ ဗိုလ်ချုပ်ဇော်လွင်ဦး၊ ဗိုလ်ချုပ်ဝင်းလွင်၊ ဗိုလ်ချုပ် လှမြင့်စိုး၊ ဗိုလ်ချုပ် အောင်လင်းထွန်း တို့ဖြစ်ကြောင်း ပြန်တမ်းတွင် ဖော်ပြချက်အရ သိရသည်။

ဗိုလ်ချုပ်ဇော်လွင်ဦးမှာ ဇေယျကျော်ထင်ဘွဲ့နှင့် မြန်မာနိုင်ငံ စစ်မှုထမ်းသင်္ဂဟတံဆိပ်၊ ဗိုလ်ချုပ်ဝင်းလွင်၊ ဗိုလ်ချုပ် လှမြင့်စိုး၊ ဗိုလ်ချုပ် အောင်လင်းထွန်းတို့မှာ ဇေယျကျော်ထင်ဘွဲ့တို့ ရုပ်သိမ်းခံရခြင်းဖြစ်ကြောင်း သိရသည်။

၄င်းတို့ကို ချီးမြှင့်ထားသည့် ဘွဲ့များကို ရုပ်သိမ်းခြင်းမှာ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များဆိုင်ရာ ပြဌာန်းချက်အပိုဒ် ၆၇ အရ ပြန်လည်ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်ဟု နိုင်ငံတော်ပြန်တမ်းတွင် ဖော်ပြထားသည်။

ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များဆိုင်ရာ ပြဌာန်းချက်အပိုဒ် ၆၇ တွင် နိုင်ငံတော်က ချီးမြှင့်အပ်နှင်းခဲ့သည့် ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ်များနှင့်စပ်လျဉ်း၍ ပြန်လည်ရုပ်သိမ်းနိုင်သည့် အခြေအနေများကို ပြဌာန်းထားသည်။

ယင်းအခြေအနေများမှာ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကို ကျူးလွန်ခြင်း၊ အကျင့်စာရိတ္တနှင့်စပ်ဆိုင်သော ပြစ်မှုကျူးလွန်၍ တရားရုံးတစ်ခုခု၏ အပြစ်ပေးခံရခြင်း၊ ဌာနဆိုင်ရာအရေးယူခြင်းခံရပြီး အပြစ်ရှိကြောင်း ပေါ်ပေါက်သဖြင့် ရာထူးမှ ထုတ်ပယ်ခြင်း၊ နုတ်ပယ်ခြင်း၊ ရပ်စဲခြင်းစသည့် ပြစ်ဒဏ်တစ်ရပ်ရပ်ပေးခံရခြင်း၊ ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်အပ်နှင်းခြင်းခံထိုက်ကြောင်း အဆင့်ဆင့် ထောက်ခံတင်ပြချက်အရ နိုင်ငံတော်က ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်အပ်နှင်းပြီးနောက် မူလထောက်ခံချက်ပါ အချက်အလက်အကြောင်းအရာများနှင့် စပ်လျဉ်း၍ မမှန်မကန်တင်ပြခဲ့ကြောင်း ပေါ်ပေါက်တွေ့ရှိခြင်း၊ နိုင်ငံတော်က ချီးမြှင့်အပ်နှင်းခဲ့သည့် ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ်ကို ပြန်လည် ရုပ်သိမ်းသင့်သည့် လုံလောက်သော အခြားအကြောင်းအချက် တစ်ရပ်ရပ် ပေါ်ပေါက်တွေ့ရှိခြင်း အစရှိသည်တို့ ဖြစ်သည်။

အပိုဒ် ၆၈ တွင် ဂုဏ်ထူးဆောင်ဘွဲ၊ ဂုဏ်ထူးဆောင်တံဆိပ်ကို ပြန်လည်ရုပ်သိမ်းပါက ယင်းဘွဲ့အမည် သုံးစွဲခွင့်ကို လည်းကောင်း၊ ယင်းဂုဏ်ထူးဆောင်ဘွဲ့၏ အဆောင်အယောင်တံဆိပ်နှင့်ပုံစံတူတံဆိပ်များ တပ်ဆင်ခွင့် ကိုလည်းကောင်း၊ ယင်းတို့နှင့်စပ်လျဉ်း၍ ခံစားခွင့်ပြုထားသော အခွင့်အရေးများကိုလည်းကောင်း၊ ချီးမြှင့်ထောက်ပံ့ငွေများကိုလည်းကောင်း ရပ်စဲရမည်ဟု ဖော်ပြထားသည်။

         

Most Read

Most Recent