ကရင်နှစ်သစ်ကူးနေ့ကလည်း ပုဂံသို့ ဘုရားဖူးလာသည့် မိသားစုတစ်စု ပြန်ပေးဆွဲခံရပြီး ငွေဖြင့် ရွေးယူခဲ့ရ
ပုဂံဒေသသို့ ဘုရားဖူးလာသည့် ဇနီးမောင်နှံနှစ်ဦး ပျောက်ဆုံးလျက်ရှိပြီး ကရင်နှစ်သစ်ကူးနေ့ကလည်း ပုဂံသို့ ဘုရားဖူးလာသည့် မိသားစုတစ်စု ပြန်ပေးဆွဲခံရပြီး ငွေဖြင့် ရွေးယူခဲ့ရကြောင်း သိရသည်။
ဒီဇင်ဘာ ၂၃ ရက် နံနက် ၉ နာရီတွင် ပုဂံသို့ ဘုရားဖူးလာသည့် ဇနီးမောင်နှံနှစ်ဦး တည်းခိုရာဟိုတယ်မှ Check Out လုပ်ပြီး ခရီးဆောင်အိတ်များကို ဟိုတယ်တွင် ခေတ္တအပ်နှံထားခဲ့ကြောင်း၊ ယင်းနောက် ဆိုင်ကယ်ဖြင့် ပုပ္ပါးဘက်သို့ သွားမည်ဟုဆိုကာ ထွက်ခွာသွားခဲ့ကြောင်း၊ ယင်းနောက် အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါဇနီးမောင်နှံမှာ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ဇာတိဖြစ်ကြောင်း သိရပြီး အခြေအနေနှင့် ပတ်သက်ပြီး သိရှိနိုင်ရန် Eleven Media Group အနေနှင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ပြီးခဲ့သည့် ကရင်နှစ်သစ်ကူးနေ့ကလည်း ရန်ကုန်မြို့မှ ပုဂံမြို့သို့ ကားသုံးစီးဖြင့် သွားရောက်ကာ ဘုရားဖူးလည်ပတ်ခဲ့သည့် မိသားစုဝင်များအနက် နောက်ဆုံးမှလိုက်ပါလာသည့် ကားတစ်စီးကို လက်နက်ကိုင်ဆောင်ထားသူအချို့က တားဆီးပြီး ကားပေါ်တွင် လိုက်ပါလာသည့် လူသုံးဦးအနက် မိခင်ဖြစ်သူကို ထားခဲ့ပြီး အသက် ၂၀ ကျော်အရွယ်ရှိ သားဖြစ်သူနှင့် ယာဉ်မောင်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု ယင်းဖြစ်စဉ်ကို သိရှိသူတစ်ဦးက ပြောကြားသည်။
“ပိုက်ဆံက ငွေသားချည်းပဲ သိန်းတစ်ထောင်။ နောက် လက်ဝတ်လက်စားတွေရယ် ပေးရတာ။ ပြန်ပေးဆွဲခံရတာက ယာဉ်မောင်းရယ်၊ အဲ့ဒီအမျိုးသမီးရဲ့ သားအငယ်ကို။ အမျိုးသမီးကိုတော့ ထားခဲ့တယ်။ သူတို့က ကားသုံးစီးနဲ့သွားတာ။ နောက်ဆုံးက ကားကို ဆွဲသွားတာ” ဟု ဖြစ်စဉ်ကို သိရှိသူတစ်ဦးက ပြောကြားသည်။
ပြန်ပေးဆွဲခံရသည့်ဖြစ်စဉ်မှာ ချောက်မြို့ဘက်သို့ သွားသည့် စေတနာကြီးဘုရားအကျော်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ကရင်နှစ်သစ်ကူးနေ့(ဒီဇင်ဘာ ၁၉ ရက်) မွန်းလွဲ ၁ နာရီကျော်ခန့်က ပြန်ပေးဆွဲခံရခြင်းဖြစ်သည်ဟု သိရသည်။
“ပုဂံ ညောင်ဦးပေါ့။ ဖြစ်သွားတဲ့နေရာက ချောက်ဘက်ကိုသွားတဲ့ စေတနာကြီးဘုရားဆိုတာရှိတယ်။ လောကနန္ဒာ ဘုရားကနေထွက်လာရင် ချောက်ဘက်ကို ချိုးသွားတဲ့လမ်းပေါ့။ အဲ့ဒီမှာ စေတနာကြီးဘုရားဆိုတာရှိတယ်။ အဲ့ဒီဘုရားကနေပြန်အထွက်မှာ ရှေ့ကားနှစ်စီးက ထွက်သွားတဲ့အချိန် နောက်မှာကျန်တဲ့ကားပေါ်ကို ယာဉ်မောင်းက တက်တုန်းပဲရှိသေးတယ်။ ယာဉ်မောင်းကို သေနတ်နဲ့ ထောက်ထားပြီး ပြန်ပေးဆွဲသွားတာ။ ကောင်လေးက သူ့အမေကို မခေါ်ပါနဲ့ဆိုလို့ ထားခဲ့တာ” ဟု ဖြစ်စဉ်ကို သိရှိသူတစ်ဦးက ပြောကြားသည်။
ထို့ပြင် အဆိုပါမော်တော်ယာဉ်ပေါ်တွင် ခရီးစဉ်အတွင်း သုံးစွဲရန် ယူလာသည့် ကျပ် ၂၅ သိန်းကိုလည်း ပေးထားခဲ့ရကြောင်း၊ ပြန်ပေးဆွဲခံရသည့်နေ့ ညပိုင်းတွင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်ဟု ဖြစ်စဉ်ကို သိရှိသူတစ်ဦးက ပြောကြားသည်။
အလားတူ ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက်က မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ရှိ KK ဖိနပ်ဆိုင်မှ ဦးထွန်းနိုင်၊ ဇနီးဖြစ်သူ မကေသီအောင်၊ သားဖြစ်သူ မောင်ဟယ်ရီနိုင်နှင့် ကျောက်ဆည်မြို့၊ ညောင်ရွေရွာနေ မခင်နှင်းဝေ၊ မသင်းသင်းမြတ်နှင့် သားဖြစ်သူ မောင်စိုင်းလင်းလတ်တို့မှာ ပြန်ပေးဆွဲခံရပြီး တစ်လကျော်အကြာတွင် နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။















