■ ဒီဇင်ဘာရုံးပိတ်ရက်ကာလအတွင်း ရန်ကုန်-နေပြည်တော်၊ နေပြည်တော်-ရန်ကုန် လမ်းပိုင်းအတွင်း အစုန်/အဆန်အထူးရထားများ တိုးချဲ့ပြေးဆွဲမည်

■ ဒီဇင်ဘာရုံးပိတ်ရက်ကာလအတွင်း ရန်ကုန်-နေပြည်တော်၊ နေပြည်တော်-ရန်ကုန် လမ်းပိုင်းအတွင်း အစုန်/အဆန်အထူးရထားများ တိုးချဲ့ပြေးဆွဲမည်
Published 17 December 2025

ဒီဇင်ဘာရုံးပိတ်ရက်ကာလအတွင်း ရန်ကုန်-နေပြည်တော်၊ နေပြည်တော်-ရန်ကုန် လမ်းပိုင်းအတွင်း အစုန်/အဆန်အထူးရထားများ တိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားသည် ရထားလမ်းပိုင်းများ ပိုမိုကောင်းမွန်လာခြင်း၊ အချက်ပြစနစ် ပိုမိုခေတ်မီလာခြင်းနှင့်အတူ ခေတ်မီစက်ခေါင်းနှင့် လူစီးတွဲများ အသုံးပြုလာနိုင်ခြင်းအားဖြင့် ရန်ကုန်-မန္တလေး အဓိကရထားလမ်းပိုင်း၌ ရထားအမြန်နှုန်းများ တိုးမြှင့်ပြီး ပြေးဆွဲချိန်လျှော့ချခြင်း၊ ရထားစီးခရီးသွားပြည်သူများ ပိုမိုစိတ်ချမ်းမြေ့စွာသွားလာနိုင်ရန် ရန်ကုန် - နေပြည်တော်လမ်းပိုင်း၌ ခေတ်မီ လေအေးပေးစက်ပါ DEMU တွဲဆိုင်းသစ်များဖြင့် အမှတ်(၇)အဆန်/(၈)အစုန်၊ အမှတ်(၃၁)အဆန်/(၃၂) အစုန်ရထားများအား နေ့စဉ်ပုံမှန်ပြေးဆွဲပေးလျက်ရှိရာ ခရီးသည်များအနေဖြင့် စီးနင်းမှုများပြား၍ ဒီဇင်ဘာရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာ ခရီးသွားလာနိုင်စေရေးအတွက် ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်ကို ပုံမှန်ရထားများအပြင် DEMU အဆန်/အစုန် အထူးရထားများအား တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါတိုးချဲ့ပြေးဆွဲမည့် နေ့ရက်နှင့် အချိန်အနေဖြင့် ဒီဇင်ဘာ ၁၉ ရက်တွင် ရန်ကုန်မှ နေပြည်တော်သို့ DEMU (စပိန်)အဆန်အထူးရထားဖြင့် နံနက် ၆ နာရီခွဲတွင် စတင်ထွက်ပြီး နေ့လယ် ၁၂ နာရီတွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း၊ ဒီဇင်ဘာ ၂၀ ရက်တွင် နေပြည််တော်မှ ရန်ကုန်သို့ DEMU (စပိန်)အစုန်အထူးရထားဖြင့် နေ့လယ် ၁၂ နာရီခွဲတွင် စတင်ထွက်ပြီး ညနေ ၆ နာရီတွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း၊ ဒီဇင်ဘာ ၂၁ ရက်တွင် ရန််ကုန်မှ နေပြည်တော်သို့ DEMU (စပိန်)အဆန်အထူးရထားဖြင့် နံနက် ၆ နာရီခွဲတွင် စတင်ထွက်ပြီး နေ့လယ် ၁၂ နာရီတွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါတိုးချဲ့ပြေးဆွဲပေးမည့်ရထားများမှာလည်း ခေတ်မီလေအေးပေးစက်ပါ DEMU(စပိန်) တွဲဆိုင်းသစ်များဖြစ်ပြီး ရထားလက်မှတ်ခနှုန်းထားနှင့် ရပ်တန့်မည့်ဘူတာများတွင် နေ့စဉ်ပုံမှန်ပြေးဆွဲ ပေးလျက်ရှိသည့် DEMU ရထားများအတိုင်းဖြစ်ကြောင်းနှင့် လက်မှတ်များကို မိမိတို့သွားရောက်လိုသည့် ခရီးစဉ်များအတိုင်း ငါးရက်ကြိုတင်၍ တယ်လီဖုန်းဖြင့် ကြိုတင်မှာယူပြီး MMQR စနစ်ဖြင့် အွန်လိုင်းမှ ငွေပေးချေ၍လည်းကောင်း၊ သက်ဆိုင်ရာဘူတာများတွင် အထက်တန်းလက်မှတ်အား သုံးရက်နှင့်ရိုးရိုးတန်း လက်မှတ်ကို တစ်ရက်ကြိုတင်၍လည်းကောင်း ဝယ်ယူနိုင်မည်ဖြစ်ကြောင်း၊ နောင်လာမည့် ရုံးပိတ်ရက်ရှည်များတွင်လည်း အထူးရထားများတိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းနှင့် ခရီးသွားပြည်သူများကို ကြိုတင်အသိပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

Most Read

Most Recent